The network connection is lost.

Banner Image

နေမကောင်းဖြစ်နေတဲ့အချိန် အာဆင်နယ်ကို အနိုင်ရအောင်ကစားခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားဟောင်း ဝိန်းရွန်းနီက ၂၀၀၈-၀၉ ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် အာဆင်နယ်ကို ၁-၃ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သူဟာ နေမကောင်းဖြစ်နေလျက်နဲ့ ဝင်ရောက်ကစားခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ ရွန်းနီက အမ်းမရိတ်စ်မှာ သူ့ရဲ့ရုန်းကန်ခဲ့ရမှုကို ဝေမျှလာခဲ့တာဖြစ်ပါတယ်။ ထိုစဉ်က ရွန်းနီဟာ နေမကောင်းဖြစ်နေခဲ့ပေမယ့် ခြေစွမ်းပိုင်းမှာတော့ ကျဆင်းခဲ့ခြင်းမရှိဘဲ အသင်းဖော် ခရစ္စတီယာနိုရော်နယ်ဒိုအတွက် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်မှာ ၁-၃ နဲ့အနိုင်ရခဲ့တဲ့ ယူနိုက်တက်ဟာ နှစ်ကျော့ပေါင်းရလဒ် ၁-၄ နဲ့အာဆင်နယ်ကိုဖြုတ်ချပြီး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာ ယူနိုက်တက်ကစားသမားတွေက အောင်ပွဲခံအခမ်းအနားကို ကျင်းပခဲ့ကြပေမယ့် ရွန်းနီတစ်ယောက်ကတော့ အိပ်ရာထဲမှာလှဲပြီး အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဦးဆောင်ခဲ့တဲ့ ယူနိုက်တက်ဟာ ထိုစဉ်က ဘောလုံးပိုင်ဆိုင်မှုမှုအသာစီးနဲ့ ကစားတတ်တဲ့ အာစင်ဝင်းဂါးရဲ့ အာဆင်နယ်ကို တန်ပြန်တိုက်စစ်နဲ့ ကစားပြီး အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ယခုအခါမှာ ရွန်းနီက "ကျွန်တော်အဲဒီပွဲကို မကစားခဲ့သင့်ပါဘူး။ အဲဒီတုန်းက ကျွန်တော်နေမကောင်းဖြစ်နေခဲ့ပါတယ်။အသင်းရဲ့ဆရာဝန်ကလည်း ကျွန်တော့်ကို အဲဒီပွဲမှာကစားနိုင်ဖို့ ဆေးတွေအများကြီးပေးခဲ့ပါတယ်။ ပွဲအပြီးမှာ ပါတီလုပ်ခဲ့ကြသေးပေမယ့် ကျွန်တော်ကတော့မသွားခဲ့ဘဲ အိပ်ရာထဲမှာပဲခွေနေခဲ့ရပါတယ်"

"အာဆင်နယ်ကို ဘယ်လိုကစားရမယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ခဲ့ပါတယ်။ ခံစစ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ ရင်ဆိုင်ခဲ့တာပါ။ ဘယ်ပြိုင်ပွဲမဆို၊ အထူးသဖြင့် ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာအနိုင်ရဖို့ဆိုရင် အသင်းရဲ့ကစားပုံကို အချိန်မရွေးပြောင်းလဲကစားနိုင်ဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ထိုစဉ်က ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဖလားကို ၂ နှစ်ဆက်ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ပက်ဂွါဒီယိုလာရဲ့ ဘာစီလိုနာကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့လို့ ၂ နှစ်ဆက်ချန်ပီယံဖြစ်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ ဘာစီလိုနာအတွက်ဂိုးတွေကိုတော့ ဆမ်မြူရယ်အီတူးနဲ့ လီယွန်နယ်မက်ဆီတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။