အာဆင်နယ်မှာ တိုးတက်လာမှုအပေါ် ကျေနပ်မိသလို ဒီကလန်ရိုက်စ်ကို စံပြကစားသမားအဖြစ် သတ်မှတ်ထားတဲ့ ဂန်းနားကြယ်ပွင့်
အာဆင်နယ်လူငယ်ကစားသမားဘိုဝင်ဖီးလစ်က မြောက်လန်ဒန်ကလပ်အသင်းနဲ့ ပူးပေါင်းနိုင်ခဲ့လို့ ကျေနပ်ပျော်ရွှင်နေပါတယ်။
လတ်တလောမှာ အကယ်ဒမီစကောလားရှစ်ရရှိထားတဲ့ ဘိုဝင်ဖီးလစ်က ဝက်စ်ဟမ်းမှာဆိုရင် စီနီယာအသင်းကြီးဆီ တက်လှမ်းနိုင်ဖို့ အခွင့်အရေးနည်းပါးတယ်လို့ ယူဆခဲ့ပြီးနောက် ထွက်ခွာဖို့ စွန့်စွန့်စားစားဆုံးဖြတ်ခဲ့ပါတယ်။
သူက arsenal.com ဝက်ဘ်ဆိုက်မှာ အခုလို ရေးသားခဲ့ပါတယ် - "ဝက်စ်ဟမ်းမှာရှိခဲ့တဲ့ နောက်ဆုံးအချိန်တွေတုန်းက ကျွန်တော့်ကို ယူ-၁၈ အသင်းမှာ ကစားခွင့်မပေးသလို ကိုယ့်ကိုယ်ကိုယ် စမ်းသပ်နိုင်ဖို့ အခွင့်အရေးတွေလည်း မရခဲ့ဘူးလို့ ခံစားခဲ့ရပါတယ်။ အဲ့ဒါကြောင့် ဆောက်သမ်တန်နဲ့ ဝုဗ်အသင်းတွေမှာ ခြေစွမ်းစမ်းသပ်ခံခဲ့သလို အာဆင်နယ်အသင်းကလည်း ကျွန်တော့်ကို စိတ်ဝင်စားမှု ရှိခဲ့ပါတယ်"
"အာဆင်နယ်မှာ နှစ်ပတ်ကြာခြေစွမ်းစမ်းသပ်မှုအပြီး ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်၊ အဲ့ဒီနောက် ယူ-၁၅ အဆင့်အတွက် စာချုပ်ချုပ်နိုင်ခဲ့တယ်ဆိုတာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ခံစားချက်မျိုးပါ။ နောက်ပြီး Globe Rangers အသင်းမှာ အတူကစားခဲ့ဖူးတဲ့ ဂျိုဆီယာကင်းနဲ့လည်း သိနေတာကြောင့် အသင်းသစ်မှာ အသားကျဖို့ ပိုပြီး လွယ်ကူသွားစေပါတယ်"
"အာဆင်နယ်ကို ရောက်လာပြီးကတည်းက အရာအားလုံးက တကယ်ကို ကောင်းမွန်နေပါတယ်။ Flamengo Adidas ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်နိုင်ငံဆီ သွားရောက်ခွင့်ရခဲ့တာဟာလည်း ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ အတွေ့အကြုံတစ်ခုပါပဲ"
"စီနီယာအသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်တွေလည်း ရခဲ့ပြီး ဒါ တကယ်ကို မျက်စိပွင့်စေတဲ့ အတွေ့အကြုံမျိုး ဖြစ်ပါတယ်။ လေ့ကျင့်ရေးအရှိန်အဟုန်က အရမ်းမြင့်မားပြီး ဒီကလန်ရိုက်စ်ရဲ့ ခြေစွမ်းက ကျွန်တော့်ကို အထင်ကြီးစေပါတယ်။ သူ့ရဲ့ နည်းစနစ်ပိုင်းက ထိပ်တန်းအဆင့်ဖြစ်သလို စံချိန်စံညွှန်းတစ်ခုကို မြင့်မြင့်မားမား သတ်မှတ်ပေးထားသလို ဖြစ်နေပါတယ်။ ဝက်စ်ဟမ်းမှာ ကျွန်တော်ရှိနေချိန် ယူ-၂၁ အသင်းမှာ ဒီကလန်ရိုက်စ်ကစားတာကို ကြည့်ခဲ့ဖူးလို့ အခုလို အတူတူလေ့ကျင့်ခွင့်ရတာ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်" လို့ ဖီးလစ်က ဆိုပါတယ်။