The network connection is lost.

Banner Image

တော့တင်ဟမ်ရဲ့ မယုံကြည်နိုင်စရာစွမ်းဆောင်ရည်အတွက် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ပိုစတီကိုဂလူ

အက်စတွန်ဗီလာကို ရှုံးနိမ့်ကာ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပေမယ့် ဒဏ်ရာပြဿနာနှိပ်စက်မှုတွေ ကြုံတွေ့နေရတဲ့ တော့တင်ဟမ်အသင်းကို နည်းပြပိုစတီကိုဂလူက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်၊ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်အဖြစ် လီဗာပူးကို နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်က အက်ဖ်အေဖလားပွဲစဉ်မှာလည်း အက်စတွန်ဗီလာကို ၂-၁ ဂိုးဖြင့် ဆက်ရှုံးနိမ့်ခဲ့ပါတယ်။ 

အခုလို ပြည်တွင်းဆုဖလားပြိုင်ပွဲနှစ်ရပ်မှ ဆက်တိုက်ဆိုသလို ထွက်ခွာခဲ့ရပေမယ့် တော့တင်ဟမ်နည်းပြပိုစတီကိုဂလူကတော့ ပင်ပန်းနွမ်းနယ်နေချိန် တိုက်ပွဲဝင်စိတ်အပြည့်ရှိနေခဲ့တဲ့ သူ့ရဲ့ကစားသမားတွေကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒါ့အပြင် သူက အခုပွဲစဉ်ကိုလွဲချော်ခဲ့တဲ့ စီနီယာအသင်းကစားသမားအရေအတွက်ကိုလည်း ထောက်ပြသွားခဲ့ပါတယ်။လတ်တလောမှာ တော့တင်ဟမ်က စီနီယာအသင်းကစားသမား ၁၁ ဦးထက်မနည်းကို ဒဏ်ရာပြဿနာတွေကြောင့် ဆုံးရှုံးထားရပါတယ်။

ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အသက်-၅၉ နှစ်အရွယ်နည်းပြက “ဒီကစားသမားအုပ်စုက နှစ်လခွဲကြာကာလအတွင်း မယုံကြည်နိုင်စရာအလုပ်တစ်ခုကို လုပ်ဆောင်ပြခဲ့ပါတယ်။ နိုဝင်ဘာလကတည်းက တစ်ပတ်နှစ်ပွဲနှုန်းကစားခဲ့ရတဲ့သူတို့အတွက် ကျွန်တော်ဖြင့် ဂုဏ်ယူလို့ မဆုံးတော့ပါဘူး။ အခုအချိန်မှာတော့ တဖန်ပြန်လည်စတင်ဖို့နဲ့ အကောင်းဆုံးရာသီအဆုံးသတ်ကာလဖြစ်လာနိုင်ဖို့ အခွင့်အရေးကို သူတို့တွေ ရရှိလာပါလိမ့်မယ်။

အခြေအနေကောင်းတစ်ရပ်မှာရှိနေတဲ့ ဥရောပပြိုင်ပွဲက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးနေဆဲပါပဲ။ လာမယ့်သီတင်းပတ်နှစ်ခုအတွင်း ကစားသမားအချို့ပြန်လာနိုင်ဖို့လည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့အတွက် အကူအညီဖြစ်စေမယ့် ကစားသမားတွေကို ပြန်လည်ရရှိလာပါလိမ့်မယ်။ ဒီနေ့ပွဲစဉ်ကို မကစားပေးနိုင်တဲ့ စီနီယာကစားသမား ၁၁ ဦးအထိ ရှိခဲ့ပါတယ်။ ဘယ်အသင်းမဆို အဲ့ဒီလောက်အထိ ဆုံးရှုံးထားမယ်ဆိုရင် သေချာပေါက်ရုန်းကန်သွားရပါလိမ့်မယ်။ ကျွန်တော်တို့က ဒါကိုပဲ နှစ်လခွဲလောက်အထိ လုပ်ခဲ့ကြရပါတယ်”လို့ ပြောပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပရီးမီးယားလိဂ်အရေးကြီးပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်ကို ဧည့်ခံကစားရပါမယ်။