The network connection is lost.

Banner Image

ဥရောပဝင်ခွင့်မရတာကြောင့် ခြေစမ်းပွဲစဉ်တွေကစားပြီး ငွေရှာဖို့ကြိုးစားသွားမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်ပြီး ဥရောပဝင်ခွင့်နဲ့လွဲချော်ခဲ့တာကြောင့် ယခုရာသီအတွင်း အားလပ်ချိန်တွေမှာ ခြေစမ်းပွဲစဉ်တွေကစားပြီး အသင်းရဲ့ဝင်ငွေလိုအပ်ချက်ကို ဖြည့်ဆည်းသွားဖို့ ပြင်ဆင်နေပါတယ်။ 

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ရတာကြောင့် ဆုံးရှုံးနစ်နာမှုအတော်လေးများခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် နည်းပြရူဘင်အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ ယူနိုက်တက်ဟာ အားလပ်နေတဲ့ ကြားရက်တွေမှာ အာရှဘက်သို့ခရီးထွက်ပြီး နွေထွေးတဲ့ရာသီဥတုမှာ ခြေစမ်းပွဲစဉ်တွေကစားသွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ သူတို့လိုပဲ ဥရောပြိုင်ပွဲဝင်ခွင့်မရတဲ့ ဥရောပထိပ်သီးကလပ်တွေနဲ့ ငွေကြေးအကျိုးအမြတ်ရှာဖွေဖို့ အလယ်အလတ်အဆင့်ပြိုင်ပွဲတွေ စီစဉ်သွားမယ်လို့သိရပါတယ်။ ယူနိုက်တက်ဟာ ခရစ္စမတ်ကာလမတိုင်မီ ကြားရက်ပွဲစဉ်ဆိုလို့ ဒီဇင်ဘာလ ၃ ရက်နေ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်တစ်ပွဲသာ ကစားရဖို့ရှိနေပါတယ်။

ရာသီအစ ကာရာဘောင်ဖလားပြိုင်ပွဲမှာ စတုတ္ထတန်းကလပ် ဂရင်းစ်ဘီတောင်းကို အရေးနိမ့်ခဲ့တာကြောင့် ရူဘင်အာမိုရင်ရဲ့အသင်းဟာ ပြိုင်ပွဲကနေထွက်ခွာထားခဲ့ရပြီဖြစ်လို့ ၂၀၂၅-၂၆ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲသာ ကစားသွားရမှာဖြစ်ပါတယ်။ သတင်းတွေအရ ယူနိုက်တက်အနေနဲ့ ခြေစမ်းပွဲစဉ်တွေအတွင်း ဥရောပဝင်ခွင့်မရထားတဲ့ အေစီမီလန်၊ လိုက်ပ်ဇစ်၊ လာဇီယို၊ ဆီဗီလာတို့လို နာမည်ကျော်အသင်းတွေနဲ့ ယှဉ်ပြိုင်သွားရဖွယ်ရှိပါတယ်။

လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ ခြေစမ်းပွဲစဉ်တွေကို ယူအေအီးမှာယှဉ်ပြိုင်ဖို့ စီစဉ်လာနိုင်တယ်လို့သိရပါတယ်။ အာမိုရင်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီကြိုအာရှခြေစမ်းခရီးစဉ်နဲ့ အမေရိကန်ခရီးစဉ်တွေမှ ပေါင် ၈ သန်းစီ အသီးသီးအကျိုးအမြတ်ရရှိထားခဲ့ပါတယ်။