ဘရိုက်တန်ကို သရေကျခဲ့လို့ အသင်းပရိသတ်တွေအတွက်စိတ်မကောင်းမိဖြစ်ကြောင်းပြောကြားလာတဲ့ နူနို
ဝက်စ်ဟမ်းနည်းပြ နူနိုက အသင်းအနေနဲ့ ဘရိုက်တန်ကို ပွဲပြီးကာနီးအချိန်ပိုမှ ချေပဂိုးခွင့်ပြုခဲ့ရပြီး နိုင်ပွဲနဲ့လွဲချော်ခဲ့တာကြောင့် ကွင်းထဲအထိတကူးတကလာရောက်အားပေးကြတဲ့ အသင်းပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်မိကြောင်းပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဝက်စ်ဟမ်းအတွက်ဦးဆောင်ဂိုးကို ဘိုဝမ်က ပွဲကစားချိန် ၇၃ မိနစ်မှာသွင်းယူပေးခဲ့ပြီး မိနစ် ၉၀ အထိအနိုင်ရလဒ်ကိုထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် ဝက်စ်ဟမ်းအနေနဲ့ နိုင်ပွဲရရှိခဲ့ပြီလို့ယူဆခဲ့ကြပါတယ်။ သို့သော်လည်း အချိန်ပိုမိနစ်မှာ ဘရိုက်တန်အတွက်ချေပဂိုးကို ရက်တာကပြန်လည်သွင်းယူခဲ့တာကြောင့် ဝက်စ်ဟမ်းအနေနဲ့ သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ နူနိုက "ဒါက လက်ခံနိုင်ဖို့အရမ်းခက်ပါတယ်။ ဘရိုက်တန်ရဲ့ဂိုးက ခွင့်မပြုပေးသင့်တာ အရှင်းကြီးပါ။ သူတို့လက်နဲ့ထိခဲ့တာ ကျွန်တော်မြင်သလို၊ လူတိုင်းမြင်ပါတယ်။ ဒီဂိုးကိုခွင့်ပြုလိုက်တာ ဘာကြောင့်လဲနားမလည်နိုင်ပါဘူး"
"လူတိုင်းဒါကိုမြင်ပါတယ်။ လက်ခံနိုင်ဖို့အတော်လေးခက်ပါတယ်။ ပွဲပြီးမှ ပွဲတာဝန်ရှိသူတွေကိုသွားပြောနေလည်းအပိုပါပဲ။ ပွဲကပြီးနေပါပြီ။ ဒါကြောင့် လာမယ့်အက်စတွန်ဗီလာနဲ့ပွဲအတွက်ပဲ အာရုံစိုက်သွားရပါတယ်။ သူတို့လက်ထိသွားတာကို ဘာကြောင့် ပြန်မစစ်ဆေးခဲ့သလဲ နားမလည်နိုင်ပါဘူး။ ဒါက လက်ထိဘောပါ"
"ဒီပွဲမှာ အသင်းရဲ့ပရိသတ်တွေက အိမ်ကွင်းမှာကန်နေရတဲ့အတိုင်း အားပေးကြမ်းခဲ့ကြပါတယ်။ ဒါပေမယ့် မဖြစ်သင့်တဲ့အခြေအနေတစ်ရပ်ကနေ ကျွန်တော်တို့နိုင်ပွဲနဲ့လွဲချော်ခဲ့ပါတယ်။ ဒါက ကမ္ဘာ့အကောင်းဆုံးလိဂ်ပါ။ ဒီမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေပဲချဖို့လိုပါတယ်။ ကျွန်တော်ဒီထက်ပိုပြောစရာမရှိပါဘူး"
"ကစားသမားတွေအားလုံးလည်းစိတ်ပျက်နေကြလို့ ကျွန်တော့်အနေနဲ့လည်းစကားပြောဖို့တောင်ခက်ခဲနေပါတယ်။ အခုအသင်းက ခက်ခဲတဲ့အခြေအနေကိုရောက်နေတာပါ။ ဒီပွဲက ကျွန်တော်တို့အတွက်အများကြီးအဓိပ္ပာယ်ရှိပါတယ်။ ကစားသမားတွေအားလုံး အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့် ရမှတ် ၁ မှတ်တည်းနဲ့လန်ဒန်ကိုပြန်ဖို့က လက်ခံဖို့ခက်ခဲပါတယ်" လို့ပြောကြားခဲ့ပါတယ်။