
ချဲလ်ဆီးမှရောက်ရှိလာတဲ့ မာဒူကီအတွက် အားပေးစကားပြောကြားလိုက်တဲ့ ဒီကလန်ရိုက်စ်
ဒီကလန်ရိုက်စ်က အာဆင်နယ်ကစားသမားသစ်မာဒူကီကို အခုဘောလုံးရာသီမှာ လူပေါင်းများစွာတုန်လှုပ်သွားအောင် စွမ်းဆောင်နိုင်သူ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
မာဒူကီက အခုလအစောပိုင်းမှာပဲ ချဲလ်ဆီးမှ လန်ဒန်ပြိုင်ဘက်အာဆင်နယ်ဆီ ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်းဖြင့် ရောက်ရှိလာခဲ့ပေမယ့် ဒီအပြောင်းအရွှေ့ကို ဂန်းနားပရိသတ်အများစု သဘောမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ဒီကလန်ရိုက်စ်ကတော့ အသက်-၂၃ နှစ်အရွယ်ကစားသမားကို အာဆင်နယ်မှာ တောက်ပလာနိုင်သူအဖြစ် ရှုမြင်ထားပြီး သူ့ရဲ့အင်္ဂလန်လက်ရွေးစင်အသင်းဖော်အတွက် စိတ်ခွန်အားဖြစ်စေမယ့် အားပေးစကားတွေ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်ဆီပြောင်းရွှေ့လာပြီးနောက် မာဒူကီရရှိခဲ့တဲ့ ဝေဖန်သံတွေနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ဒီကလန်ရိုက်စ်က “ အရိုးသားဆုံးပြောရရင် ကျွန်တော် မကြိုက်ပါဘူး။ ဒါပေမယ့် မာဒူကီဆီမှာ ဘယ်လိုမောင်းနှင်အားတွေ ရှိသလဲဆိုတာ ကျွန်တော်သိပါတယ်။ သူ့နဲ့လည်း စကားပြောပြီးပါပြီ။ အခုဘောလုံးရာသီမှာ သူ ဘာတွေလုပ်ပြနိုင်မလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့သွားရပါလိမ့်မယ်။ သူက စိတ်အားထက်သန်မှုအပြည့်နဲ့ တကယ့်ကိုသက်သေပြသွားချင်နေတယ်လို့ ထင်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ မြင်တွေ့သွားရပါလိမ့်မယ်။ သူ့ဆီမှာ ဆာလောင်စိတ်တစ်ခု ရှိပါတယ်။ သူလက်မှတ်ရေးထိုးချိန်မှာလည်း အသင်းဖော် ၁၀ ဦး၊ ၁၁ ဦးလောက် လာရောက်နှုတ်ဆက်ကြတာကို မြင်တွေ့ခဲ့မယ်လို့ ထင်ပါတယ်။ ဒါက စိတ်လှုပ်ရှားစရာကောင်းပြီး ကောင်းမွန်တဲ့အရာတစ်ခုပါ။ သူက အာဆင်နယ်အတွက် ကစားပေးချင်ပြီး ဒီလိုကစားသမားမျိုးကိုသာ ကျွန်တော်တို့အတွက် လိုအပ်ပါတယ်။ အပေါင်းလက္ခဏာဆောင်ပါတယ်။ မာဒူကီကိုယ်တိုင်လည်း လူအတော်များများကို အံ့အားသင့်သွားအောင် လုပ်ပြသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူ ရောက်လာမယ့်အချိန်ကို မစောင့်ဆိုင်းနိုင်တော့ပါဘူး။ သူ့ကို လူပုဂ္ဂိုလ်တစ်ဦးအဖြစ် အလွန်နှစ်သက်လို့ အခုလိုမျိုး ကျွန်တော် ပြောခဲ့တာပါ”လို့ ဆိုပါတယ်။
အခုနွေရာသီကာလမှာ ချဲလ်ဆီးနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့လို့ အာဆင်နယ်ရဲ့ ရာသီကြိုအာရှခရီးစဉ်မှာ မပါဝင်လာတဲ့ မာဒူကီက သြဂုတ် ၁၇ ရက်၊ မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာတော့ ဂန်းနားကစားသမားဘဝပွဲဦးထွက်ကို ရရှိသွားနိုင်ပါတယ်။