ကမ္ဘာ့ဖလားအတွက် သဘောကျမိနေတဲ့ ကွင်းလယ်ပိုင်းအတွဲအဖက်အကြောင်း အရိပ်အမြွက်ဖွင့်ဟလာတဲ့ တူချယ်
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြသောမတ်စ်တူချယ်က လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သူနှစ်သက်မိနေတဲ့ ကွင်းလယ်ပိုင်းအတွဲအဖက်အကြောင်း ရှင်းရှင်းလင်းလင်းညွှန်ပြပေးခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ မြောက်အမေရိကဒေသမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ တူချယ်အတွက် အင်္ဂလန်အသင်းကွင်းလယ်ပိုင်းမှာ ရွေးချယ်စရာတွေ အများကြီးရှိနေပါတယ်။
အင်္ဂလန်အသင်းရဲ့ နောက်ဆုံးငါးပွဲမှာ ပွဲထွက်ခဲ့တဲ့ ဒီကလန်ရိုက်စ်နဲ့ အီလီယော့အန်ဒါဆန်တို့ဟာ အခုဘောလုံးရာသီစတင်ချိန်ကတည်းက တူချယ်စိတ်ကြိုက်ကွင်းလယ်အတွဲအဖက် ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့၊ ဆားဘီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး ဂျာမန်လူမျိုးနည်းပြက ဒီကစားသမားနှစ်ဦးကို သူ့ရဲ့ဦးစားပေးအစီအစဉ်မှာ အခြားသူတွေထက် ရှေ့ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။ တူချယ်က “ အခုအချိန်မှာ အီလီယော့အန်ဒါဆန်နဲ့ ဒီကလန်ရိုက်စ်တို့က အခြားသူတွေထက် ရှေ့ရောက်နေကြပါတယ်။
သူတို့နှစ်ဦးလုံးက အလွန်ကောင်းမွန်တဲ့အတွဲအဖက်ဖြစ်ပြီး အပြန်အလှန်အထောက်အကူပြုနိုင်ကြပါတယ်။ သူတို့နှစ်ဦးလုံးက ကလပ်အသင်းအတွက်ရော၊ နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ပါ အမြင့်မားဆုံးအဆင့်အတန်းမျိုးမှာ စွမ်းဆောင်ပြနေပါတယ်။ နှစ်ဦးလုံးအကြားမှာ ကြီးမားတဲ့အထောက်အကူပြုမှုမျိုး ရှိပါတယ်။ ကျွန်တော်တို့က လာမယ့်ပွဲစဉ်အတွက် ဒီကလန်ရိုက်စ်ကို ပွဲချိန် ၆၅ မိနစ်မှာ လူစားလဲလှယ်ခဲ့ပါတယ်။ အီလီယော့အန်ဒါဆန်ကတော့ မိနစ် ၉၀ ပြည့် ကစားခဲ့ပါတယ်။ ဒါက သူ့အတွက် နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ရော၊ ခရစ္စတယ်ပဲလေ့စ်အတွက်ပါ ကစားနေရတဲ့ ပထမဆုံးဘောလုံးရာသီဖြစ်ပါတယ်။ သူက ခရစ္စတယ်ပဲလေ့စ်အတွက်လည်း အဓိကကစားသမားတစ်ဦး ဖြစ်ပါတယ်”လို့ ပြောပါတယ်။