The network connection is lost.

Banner Image

ကမ္ဘာ့အဆင့်တော့တင်ဟမ်ကြယ်ပွင့်ကို လီဗာပူးအတွက် ခေါ်ယူပေးချင်နေတဲ့ မက်အယ်လစ္စတာ

ကမ္ဘာ့အဆင့်ရှိကစားသမားလို့ သူကိုယ်တိုင်သတ်မှတ်ထားတဲ့ တော့တင်ဟမ်ကြယ်ပွင့်တစ်ဦးကို လီဗာပူးဆီ အမိအရခေါ်ယူချင်နေတဲ့ဆန္ဒအကြောင်း မက်အယ်လစ္စတာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မက်အယ်လစ္စတာက အာဂျင်တီးနားလက်ရွေးစင်အသင်းဖော်ရိုမဲရိုးအတွက် အပြောင်းအရွှေ့တစ်ခုဖော်ဆောင်ဖို့ သူ့ရဲ့ကလပ်အသင်းဆီ စိတ်အားထက်သန်စွာ တိုက်တွန်းလိုက်ပြီး နောက်ခံလူကို ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးလို့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ TNT Sports နဲ့မေးမြန်းခန်း အစီအစဉ်အတွင်း အန်ဖီးလ်ဆီ အရောက်ခေါ်ယူဖို့ ဆန္ဒရှိနေမယ့်ကစားသမားတစ်ဦးအကြောင်းကို မေးမြန်းရာ မက်အယ်လစ္စတာက ချက်ချင်းဆိုသလိုပဲ ရိုမဲရိုးအမည်ကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒီအတွက် အကြောင်းပြချက်အဖြစ် လက်ရွေးစင်အသင်းဖော်ဆိုတဲ့အချက်သာမက ပွဲစဉ်တွေအတွင်း ရိုမဲရိုးရဲ့အရည်အသွေးနဲ့ စိတ်အားထက်သန်မှုကိုပါ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ဖလားဆုရှင်က “ အိုး…. ရိုမဲရိုးပါပဲ။ သူက ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူစကားပြောပုံနဲ့ ကစားပုံအပြင် အရာရာတိုင်းကို လွယ်ကူအောင်လုပ်နိုင်စွမ်းရှိနေလို့ တခါတလေ ဒီဘဲတော့ အတော်လေးများလွန်းပြီလို့ ခံစားမိပါတယ်။ သူက ကျွန်တော့်အတွက် ယုံကြည်မှုတွေ ပေးစွမ်းပါတယ်။ ကျွန်တော့်အတွက်တော့ သူက ကမ္ဘာ့အကောင်းဆုံးဗဟိုခံစစ်မှူးတစ်ဦးဖြစ်နေတာ နှစ်အတော်ကြာပါပြီ”လို့ ပြောပါတယ်။

မက်အယ်လစ္စတာနဲ့ ရိုမဲရိုးတို့က အာဂျင်တီးနားရဲ့လတ်တလောအောင်မြင်မှုတွေမှာ အထင်အရှားပါဝင်ခဲ့ပြီး ရင်းနှီးတဲ့ဆက်ဆံရေးတစ်ရပ်ကိုလည်း တည်ဆောက်ထားနိုင်ပါတယ်။ ဒီကစားသမားနှစ်ဦးလုံးက အာဂျင်တီးနားရဲ့ ၂၀၂၄ ကိုပါအမေရိကဖလားအောင်ပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံခရီးလမ်းတွေမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးရဲ့ ကွင်းတွင်းသဟဇာတဖြစ်မှုနဲ့ အပြန်အလှန်လေးစားမှုရှိနေခြင်းတို့က ထင်ရှားလှပြီး အောင်မြင်တဲ့ပရီးမီးယားလိဂ်ဘောလုံးရာသီတစ်ခုအလွန် အန်းစလော့လက်အောက် အသင်းကိုအင်အားဖြည့်တင်းဖို့ ကြိုးစားနေတဲ့ လီဗာပူးဆီ ရိုမဲရိုးကို ခေါ်ယူသွားဖို့အတွက် မက်အယ်လစ္စတာကိုယ်တိုင် စိတ်အားထက်သန်နေပါတယ်။

မက်အယ်လစ္စတာက အခုလိုမျှော်လင့်ချက်အပြည့်နဲ့ ထောက်ခံပေးထားပေမယ့် ရိုမဲရိုးရဲ့လီဗာပူးဆီပြောင်းရွှေ့မှုက ကာလတိုအတွင်း မဖြစ်လာနိုင်သေးပါဘူး။ အက်သလက်တီကိုမက်ဒရစ်ရဲ့ စိတ်ဝင်စားမှုရရှိထားတဲ့ တော့တင်ဟမ်နောက်ခံလူက ကောလာဟလတွေကို အတန်ငယ်တိတ်ဆိတ်သွားစေဖို့ သတင်းထောက်တွေဆီ “ လာလီဂါမှာကစားရမယ်ဆိုရင်လည်း ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လာလီဂါမှာ ကစားချင်ပါတယ်။ ကျွန်တော် ပွဲတွေအများကြီးကြည့်ရှုခဲ့ပြီး စပိန်မှာကစားနေတဲ့ ကျွန်တော်ရဲ့အသင်းဖော်တွေလည်း အများကြီးရှိပါတယ်။ လာလီဂါက ကျွန်တော်ကစားချင်တဲ့ လိဂ်တွေအနက် တစ်ခုဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ရိုမဲရိုးအတွက် စိတ်ဝင်စားမှုတွေ ထပ်မံမြင့်တက်နေပေမယ့် တော့တင်ဟမ်ကတော့ သူ့တို့ကြယ်ပွင့်ကို လွယ်လွယ်နဲ့လက်လွှတ်ခံသွားမှာ မဟုတ်ပါဘူး။ AS ရဲ့သတင်းတစ်ပုဒ်အရ တော့တင်ဟမ်က ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို  အက်သလက်တီကိုတို့ နှစ်ကြိမ်တိုင်ပြန်စဉ်းစားသွားစေမယ့် ယူရိုသန်း ၇၀ အထိ သတ်မှတ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။