The network connection is lost.

Banner Image

လီဗာပူးနဲ့ပွဲစဉ်အနီကတ်ပြစ်ဒဏ်အပြီး ထပ်တိုးပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့ ရိုမဲရိုး

ပြီးခဲ့တဲ့စနေနေ့၊ လီဗာပူးနဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်အတွင်း အနီကတ်ပြထုတ်ပယ်ခံရချိန် ကွင်းတွင်းမှထွက်ခွာဖို့ ပျက်ကွက်ခြင်း၊ ရန်လိုသောအပြုအမူဖြင့် တုံ့ပြန်ခြင်းတို့ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ရိုမဲရိုးကို စွဲချက်တင်လိုက်ပြီး တော့တင်ဟမ်ကပ္ပတိန်ဆီမှာ ထပ်တိုးပွဲပယ်ပြစ်ဒဏ်ကျခံသွားရမယ့် အလားအလာမျိုး ရှိလာပါတယ်။
အဲ့ဒီပွဲစဉ်မှာ တော့တင်ဟမ်ခံစစ်မှူးက လီဗာပူးနောက်ခံလူကိုနာတေးကို ကန်ကျောက်ခဲ့ပြီးနောက် နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် ကွင်းတွင်းမှထွက်ခွာသွားရန်ဆိုတဲ့ ကွင်းလယ်ဒိုင်ဂျွန်ဘရွတ်ခ်ရဲ့အမိန့်ပေးမှုကို လက်ခံရရှိခဲ့ပါတယ်။
အဆိုပါပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ပြင်းထန်တဲ့ဘောလုံးဖျက်ထုတ်မှုပုံစံကြောင့် ဇာဗီဆိုင်မွန်စ်လည်း တိုက်ရိုက်အနီကတ်ပြသခံထားရလို့ ရိုမဲရိုးထွက်ခွာရချိန် ကွင်းတွင်းမှာ တော့တင်ဟမ်ကစားသမား ကိုးဦးသာ ကျန်ရှိခဲ့ပါတယ်။
အာဂျင်တီးနားနောက်ခံလူရိုမဲရိုးက လီဗာပူးအတွက် ဒုတိယမြောက်ဂိုးသွင်းယူချိန် အီကီတီကီရဲ့တွန်းထိုးမှုကို ခံခဲ့ရတယ်ဆိုပြီး စောဒကတက်ရာ မလျော်မကန်ပြုမူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ အစောပိုင်းမှာ အဝါကတ်ပြသခံခဲ့ရပါတယ်။
အခုအနီကတ်ပြစ်ဒဏ်ကြောင့် ရိုမဲရိုးက လာမယ့်တနင်္ဂနွေနေ့၊ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပရီးမီးယားလိဂ်ပွဲစဉ်ကို သေချာပေါက်လွဲချော်သွားပါလိမ့်မယ်။
ဒါပေမဲ့ လတ်တလော ရိုမဲရိုးဆီမှာ ပြစ်မှုထင်ရှားရင် ထပ်တိုးပြစ်ဒဏ်တွေနဲ့ရင်ဆိုင်ရမယ့် အလားအလာတွေ ရှိလာနေပါတယ်။ ဒါ့အပြင် အခုစွဲချက်တင်မှုကို ဇန်နဝါရီ ၂ ရက်မတိုင်ခင် တုံ့ပြန်ဖို့ ညွှန်ကြားထားပါတယ်။
တော့တင်ဟမ်က ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ပြီးနောက် ဇန်နဝါရီ ၁၀ ရက်အထိ ဘရန့်ဖို့ဒ်(ဝေး)၊ ဆန်းဒါးလန်း(အိမ်)နဲ့ ဘုန်းမောက်(ဝေး)တို့နဲ့ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားသွားရပါမယ်။
FA ရဲ့ကြေညာချက်တစ်ခုမှာ “ ရိုမဲရိုးက ပွဲချိန် ၉၃ မိနစ်၊ အနီကတ်ပြထုတ်ပယ်ခံရချိန် ကွင်းတွင်းမှ ချက်ချင်းမထွက်ခွာခြင်းအပြင် ကွင်းလယ်ဒိုင်အပေါ် ရန်လိုတဲ့အပြုအမူတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ လက်ခံရရှိထားပါတယ်”လို့ ဖော်ပြထားပါတယ်။
ရိုမဲရိုးက လီဗာပူးနဲ့ပွဲစဉ်အနီကတ်ပြစ်ဒဏ်မတိုင်ခင် အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဝါကတ်ခုနစ်ကြိမ် ပြသခံထားရပါတယ်။ တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်ကတော့ ခံစစ်မှူးကိုထုတ်ပယ်မှုနဲ့အတူ ကွင်းလယ်ဒိုင်ဂျွန်ဘရွတ်ခ်ရဲ့တာဝန်ပျက်ကွက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲပါတယ်။
သောမတ်စ်ဖရန့်ခ်က “ ကွင်းတွင်းမှာ ဂျွန်ဘရွတ်ခ်ရဲ့ကြီးမားတဲ့အမှားတစ်ခု ရှိပါတယ်။
လီဗာပူးအတွက် ဒုတိယဂိုးသွင်းယူချိန် အီကီတီကီက ရိုမဲရိုးကို နောက်ကျောမှတွန်းထားခဲ့ပါတယ်။ ဒါကို ဂျွန်ဘရွတ်ခ် ဘာလို့မမြင်သလဲဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး။ OK ကျွန်တော်တို့မှာ ကံကောင်းစွာနဲ့ VAR ရှိနေပြီး လိုအပ်ရင် သူတို့တွေ ကယ်တင်ပေးပါလိမ့်မယ်။ ဒါပေမဲ့ သူတို့မလုပ်ခဲ့ပါဘူး။ ဒါက ဒုတိယမြောက်အမှားပါ။
လီဗာပူးရဲ့ဒုတိယမြောက်ဂိုးဆီပြန်သွားပြီး ကွင်းလယ်ဒိုင်သာ သူ့အလုပ်သူလုပ်မယ်ဆိုရင် ရိုမဲရိုးရဲ့ပထမအကြိမ် အဝါကတ်ပြစ်ဒဏ်ဆိုတာ မရှိလာနိုင်ဘူးလို့ ထင်ပါတယ်။ ဒါဟာ မျှတပါရဲ့လား?
ကျွန်တော့်ဆီမှာ စိတ်ဓါတ်ပိုင်းအလွန်ပြင်းထန်တဲ့ ကစားသမားတစ်ဦး ရှိပါတယ်။ စိတ်ဓါတ်ပိုင်းအလွန်ပြင်းထန်တဲ့ ကစားသမားတစ်ဦးရှိနေမယ်ဆိုရင် တခါတရံ ဆုံးဖြတ်ချက်တွေက တပြေးညီရှိနေဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
လီဗာပူးနဲ့ပွဲစဉ်ရှုံးနိမ့်မှုကြောင့် တော့တင်ဟမ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၄ နေရာဆီ ရောက်ရှိသွားပြီး ဇွန်လအတွင်း ပိုစတီကိုဂလူနေရာမှာ ဆက်ခံခဲ့တဲ့ သောမတ်စ်ဖရန့်ခ်အပေါ် ဖိအားတွေ များပြားလာခဲ့ပါတယ်။