ဟက်ထရစ်သွင်းယူနိုင်ဖို့ အသင်းဖော် ကွင်းလယ်ဖန်တီးရှင်ကို ဘာပြောခဲ့သလဲ ထုတ်ဖော်ပြောကြားလာတဲ့ ဂျီးဆပ်
ယနေ့နံနက်က ခရစ္စတယ်ပဲလေ့စ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်က သူ့အနေနဲ့ဂိုးတွေသွင်းယူနိုင်ဖို့ အသင်းဖော် မာတင်အိုဒီဂတ်ကို ဘယ်လိုဖန်တီးမှုတွေပြုလုပ်ရမလဲ အကြံပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ဘရာဇီးသားဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ရုန်းကန်နေရပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသော်လည်း ယခုပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အာဆင်နယ်ကို ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်စေဖို့ အကူအညီပေးနိုင်ခဲ့ပါတယ်။
သို့သော်လည်း အာဆင်နယ်ဟာ ပဲလေ့စ်ကို လွယ်လွယ်ကူကူအနိုင်ရခဲ့တာမဟုတ်ဘဲ ပွဲအစ ၄ မိနစ်မှာပဲ ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီး နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ပထမပိုင်းအတွက် ဂိုးသွင်းဖို့ရုန်းကန်ခဲ့ရတာကြောင့် ၀-၁ နဲ့ရှုံးနိမ့်နေခဲ့တဲ့အာဆင်နယ်ဟာ ဒုတိယပိုင်းအစ အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်ဝင်ရောက်လာချိန်မှာတော့ အပြောင်းလဲကြီးပြောင်းလဲသွားပြီး နော်ဝေးလက်ရွေးစင်ရဲ့ ဂိုးဖန်တီးမှုတွေနဲ့အတူ ပဲလေ့စ်ကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဂျီးဆပ်က အသင်းဖော်အိုဒီဂတ်ကို ဂိုးဖန်တီးမှုလုပ်ဖို့ အကြံပေးခဲ့ကြောင်းကို “ပထမပိုင်းမှာ ကျွန်တော်တို့ကစားပုံမကောင်းခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ပုံမှန်အတိုင်းပြန်ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ ဘောလုံးကိုပိုမိုထိန်းချုပ်နိုင်ခဲ့ပြီး အိုဒီဂတ်ဆီကနေ အရမ်းကောင်းတဲ့ ပေးပို့မှု ၂ ကြိမ်ရရှိခဲ့ပါတယ်။ ပြီးတော့ ဆာကာရဲ့ပေးပို့မှုကလည်း အရမ်းကောင်းမွန်ခဲ့ပါတယ်”
“အိုဒီဂတ်မှာရှိတဲ့ကွာလတီက မယုံနိုင်စရာပါပဲ။ သူက အသင်းဖော်တွေကို ခွံ့ကျွေးသလိုမျိုးကို ဖန်တီးမှုပြုလုပ်ပေးနိုင်တဲ့သူပါ။ ဒါကြောင့် ဒီပွဲဒုတိယပိုင်းမစခင်မှာ ကျွန်တော့်ကို ကြည့်စရာမလိုဘဲ အရှေ့ကိုပဲဘောလုံပေးပို့လိုက်ဖို့ သူ့ကိုပြောခဲ့ပြီး သူကလည်း အရမ်းကောင်းတဲ့ပေးပို့မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ဆာကာကလည်း ဒီအတိုင်းပါပဲ။ ဒီနေ့မှာ အားလုံးအကောင်းဆုံးကြိုးစားနိုင်ခဲ့ကြတယ်လို့ထင်ပါတယ်။ ပြောင်းလဲမှုတွေအများကြီးလုပ်ထားလို့ ကစားရတာမလွယ်ပါဘူး။ အခက်အခဲတစ်ချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အနိုင်ကစားနိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်ဟာ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂျီးဆပ်အတွက် အထူးကောင်းမွန်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ဘရာဇီးသားဟာ ကိုယ်ဝန်ဆောင်သည်တစ်ယောက်ရဲ့ပုံစံအတိုင်း ဘောလုံးကို အင်္ကျီအောက်မှာထည့်ပြီး အောင်ပွဲခံခဲ့ပါတယ်။ ဂျီးဆပ်က “ဒီပွဲက တကယ့်အထူးပွဲစဉ်ပါ။ ဂိုးသွင်းယူနိုင်ဖို့လိုအပ်တယ်ဆိုတဲ့ ဖိအားနဲ့အတူ ပွဲကိုစတင်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်သမီးရဲ့အပြုံးက ကျွန်တော့်ကို အားအင်တွေပေးခဲ့ပြီး ဂိုးသွင်းနိုင်ဖို့ ယုံကြည်ချက်ရရှိစေခဲ့ပါတယ်။ အခုလိုအောင်ပွဲခံတဲ့ပုံစံက ကျွန်တော့်ဇနီးဗိုက်ထဲက ကျွန်တာ့်ရဲ့ရင်သွေးလေးကို ရည်ညွှန်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေအတွက် မဲခွဲပွဲကို ကြာသပတေးနေ့ညမှာကျင်းပသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အာဆင်နယ်နဲ့အတူ လီဗာပူးနဲ့နယူးကာဆယ်တို့ ဆီမီးဖိုင်နယ်သို့တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပေမယ့် ယူနိုက်တက်နဲ့တော့တင်ဟမ်တို့ကတော့ ယခုညမှာပဲ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။