The network connection is lost.

Banner Image

ဂျီးဆပ်က ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်တယ်လို့ မာတင်နယ်လီ ချီးကျူး

အာဆင်နယ်တောင်ပံကစားသမား ဂါဘရီရယ်မာတင်နယ်လီက မကြာမီမှာ အသင်းအတွက်ပြန်လည်ပါဝင်ကစားပေးနိုင်တော့မယ့် အသင်းဖော် ဂါဘရီရယ်ဂျီးဆပ်ဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

ဂျီးဆပ်ဟာ ပြီးခဲ့တဲ့ရာသီမှာကတည်းက ဒူးအရွတ်ဒဏ်ရာကြောင့်အနားယူနေခဲ့ရတာဖြစ်ပြီး ယခုအခါမှာတော့ ကြံ့ခိုင်မှုပြန်လည်ရရှိနေပြီဖြစ်တာကြောင့် အသင်းအတွက်ပါဝင်ကစားပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။ကစားသမားဟာ မကြာသေးမီက အာဆင်နယ်ရဲ့ပွဲစဉ်တွေရဲ့လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့ပေမယ့် ကလပ်ဘရုနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပထမဆုံးအကြိမ် ပြန်လည်ကစားနိုင်ဖွယ်ရှိပါတယ်။ 

ဂျီးဆပ်နဲ့ပတ်သက်ပြီး မာတင်နယ်လီက "သူပြန်ကစားနိုင်ပြီဆိုတော့ တကယ်ကောင်းပါတယ်။ ကျွန်တော်သူ့ကို အရမ်းသဘောကျပါတယ်။ ကျွန်တော့်အတွက်တော့သူက ကမ္ဘာပေါ်ကအကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်တယ်ဆိုတာ မကြာခဏပြောနေကျပါ။ ဒါကြောင့် သူပြန်လာနိုင်တော့မှာဆိုတော့ အရမ်းဝမ်းသာပါတယ်"

"ကွင်းထဲမှာတင်မဟုတ်ဘဲ ကွင်းပြင်ပမှာလည်း သူနဲ့အတူတူရှိရရင်ပျော်စရာကောင်းပါတယ်။ ဒဏ်ရာရနေချိန်မှာတော့ သူက ကျွန်တော်တို့နဲ့အမြဲတမ်းမတွေ့ခဲ့ရပါဘူး။ သူနဲ့တွဲကစားရတာ အရမ်းသဘောကျပါတယ်။ သူ့ရဲ့ဘောလုံးပေးပို့မှုတွေ၊ လှုပ်ရှားမှုတွေနဲ့ နေရာယူမှုတွေက ကျွန်တော့်ရဲ့ကစားပုံနဲ့ အတော်လေးအချိတ်အဆက်မိစေပါတယ်"

"လာမယ့်ပွဲမှာ သူနည်းနည်းလောက်ကစားရရင်ပဲ သူ့ရဲ့အရည်အချင်းတွေ ပြသနိုင်မယ်လို့မျှော်လင့်ပါတယ်။ သူက အတွေ့အကြုံရင့်ကစားသမားပါ။ မန်စီးတီးမှာရော၊ ဒီမှာရော၊ ဘရာဇီးအသင်းမှာပါ ပွဲတွေအများကြီးကစားခဲ့ပါတယ်။ ဒါပေမယ့် သူ့အသက်အခုမှ ငယ်ငယ်လေးရှိပါသေးတယ်။ ကျွန်တော်သူ့ကိုအမြဲပြောနေကျဟာရှိပါတယ်။ အဲဒါကတော့ ကျွန်တော်အသက် ၁၃-၁၄ နှစ် လောက်မှာ သူကအသက် ၁၆ နှစ်နဲ့ ဘရာဇီးက ပါမီးရက်စ်အသင်းကြီးအတွက်ပွဲထွက်ကစားနေတာကို အမြဲစောင့်ကြည့်ခဲ့တယ်ဆိုတာပါပဲ"

"ကျွန်တော်ကအဲဒီတုန်းက ၁၄ နှစ်လောက်ပဲရှိသေးတော့ စီနီယာအသင်းမှာတွေ့ရတဲ့သူ့ကို ကျွန်တော့်ထက်အသက်အများကြီးကြီးမယ်လို့ ထင်ခဲ့တာပါ။ အခုသူပြန်ကစားနိုင်ပြီဆိုတော့ ကျွန်တော်အရမ်းဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။