အိုဒီဂတ်ရဲ့ဒဏ်ရာအခြေအနေအတွက် စိုးရိမ်ဖွယ်သတင်းစကားတစ်ခု ရရှိခဲ့တဲ့ အာဆင်နယ်
နော်ဝေနည်းပြဆိုလ်ဘတ်ကန်က အိုဒီဂတ်ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ စိုးရိမ်စရာနောက်ဆုံးအခြေအနေတစ်ခုကို ထုတ်ဖော်လာပြီးနောက် အာဆင်နယ်အတွက် ထိုးနှက်ချက်အသစ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အခုဘောလုံးရာသီအစောပိုင်းမှာပဲ အသက်-၂၆ နှစ်အရွယ် အိုဒီဂတ်က ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပထမပိုင်းပွဲချိန်အတွင်းမှာတင် သုံးပွဲဆက်လူစားလဲလှယ်ခံရတဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
ကွင်းလယ်ကစားသမားက လွန်ခဲ့တဲ့တစ်လကျော်ကာလ၊ ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိပြီးနောက် အနားယူနေခဲ့ပါတယ်။ ကနဦးစစ်ဆေးမှုများအရ အိုဒီဂတ်ကို ရက်သတ္တပတ်ခြောက်ပတ်ခန့် အနားယူရမယ်လို့ ခန့်မှန်းခဲ့ပြီး တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် မြောက်လန်ဒန်ပွဲစဉ်အမီ ပြန်ကစားနိုင်လိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ အက်စ်တိုးနီးယား၊ အီတလီတို့နဲ့ ရင်ဆိုင်ရမယ့် နော်ဝေရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် အိုဒီဂတ်ရဲ့ကြံ့ခိုင်မှုအခြေအနေအကြောင်း မေးမြန်းရာ ဆိုလ်ဘတ်ကန်က ကစားသမားရဲ့ပြန်ကစားနိုင်မယ့် ဖြစ်နိုင်ခြေအပေါ် သံသယဝင်နေခဲ့ပါတယ်။ ဆိုလ်ဘတ်ကန်က “ တည်ငြိမ်နေဆဲပါပဲ။ တည်ငြိမ်တဲ့လမ်းကြောင်းအတိုင်း သွားနေပေမယ့် ပြန်ကစားနိုင်ဖို့တော့ နည်းနည်းဝေးပါသေးတယ်။
အိုဒီဂတ်က ကြာသပတေးနေ့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ပြီးရင် အော်စလိုမြို့ဆီ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာပါလိမ့်မယ်။ ကြာသပတေးနေ့မွန်းလွဲပိုင်းမှစတင်ကာ သူက ကျွန်တော်တို့နဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ဆက်လုပ်သွားပါလိမ့်မယ်။ လေယာဉ်ပျံ ဘယ်အချိန်စတင်ထွက်ခွာမလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ဒါပေမဲ့ သူက မီလန်အထိ ကျွန်တော်တို့နဲ့အတူ ရှိနေပါလိမ့်မယ်”လို့ ပြောပါတယ်။