The network connection is lost.

Banner Image

အေစီမီလန်နဲ့ပွဲကိုလွဲချော်ခဲ့တဲ့ ဂါဘရီရယ်နဲ့ တင်းဘားတို့ရဲ့ ဒဏ်ရာအခြေအနေတွေကိုအသိပေးလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ဗုဒ္ဓဟူးနေ့ညက အေစီမီလန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ နောက်ခံလူ ဂါဘရီရယ်မက်ဂါဟေးစ်နဲ့ ဂျူရီယန်တင်းဘားတို့ရဲ့ ဒဏ်ရာအခြေအနေတွေကို အသိပေးပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အာဆင်နယ်ဟာ ဒုတိယပိုင်းမှာရရှိခဲ့တဲ့ ဘူကာယိုဆာကာရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ အေစီမီလန်ကို ၁-၀ နဲ့အနိုင်ရခဲ့ပြီး ခြေစမ်းပွဲစဉ်ကို အနိုင်ရလဒ်နဲ့စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ သို့သော်လည်း မကြာသေးမီက တံကောက်ကြောဒဏ်ရာမှ ပြန်လာနိုင်ခဲ့တဲ့ ဂါဘရီရယ်ဟာ ယခုပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာကိုခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် ရာသီကုန်ပွဲစဉ်အချို့ကိုလည်း လွဲချော်ခဲ့ပါသေးတယ်။ 

ယခုလအစောပိုင်းက ဝက်ဖို့ဒ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ တံခါးပိတ်ခြေစမ်းပွဲစဉ်မှာတော့ ဂါဘရီရယ်အနေနဲ့ ပါဝင်နိုင်ခဲ့ပေမယ့် ယခုပွဲစဉ်မှာတော့ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ တစ်ချိန်တည်းမှာပဲ နောက်ခံလူ တင်းဘားကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်နေပေမယ့် ဒီပွဲမှာ ပါဝင်ဖို့ အဆင်သင့်မဖြစ်ခဲ့ဘူးလို့သိရပါတယ်။ နယ်သာလန်သားဟာ ၂၀၂၄-၂၅ ရာသီကုန်မှာပဲ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတာဖြစ်ပြီး အခုချိန်အထိ လေ့ကျင့်ရေးအပြည့်အဝ မဆင်းနိုင်သေးဘူးလို့ဆိုပါတယ်။ 

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အာတီတာက "တင်းဘားက အခုချိန်အထိ ကြံ့ခိုင်မှုမပြည့်သေးသလို၊ လေ့ကျင့်ရေးလည်း အပြည့်အဝမဆင်းနိုင်သေးပါဘူး။ ဂါဘရီရယ်ကတော့ ကွင်းထဲမှာ အသားကျဖို့ ကြိုးစားနေရတုန်းပါ။ ကျွန်တော်တို့အခုလို တစ်နေရာပြီးတစ်နေရာ ခရီးတွေထွက်နေရတော့ ကြံ့ခိုင်မှုမပြည့်သေးတဲ့သူ့အတွက် ရုန်းကန်ရနိုင်လို့ စွန်းစားမှုမယူခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ရာသီကြိုခရီးစဉ်ကို အာရှသို့ထွက်ခွာလာခဲ့တဲ့အာဆင်နယ်ဟာ ယခုအခါမှာ စင်္ကာပူသို့ရောက်ရှိနေတာဖြစ်ပြီး အဖွင့်ပွဲမှာ အေစီမီလန်ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ အာဆင်နယ်ဟာ နောက်ထပ်ခြေစမ်းပွဲစဉ်အဖြစ် စင်္ကာပူမှာပဲ ပရီးမီးယားလိဂ်ပြိုင်ဘက် နယူးကာဆယ်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။