
ဂျိုကာရက်စ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်ကိုပြောကြားလာတဲ့ ဂါဘရီရယ်
အာဆင်နယ်ကြယ်ပွင့်နောက်ခံလူ ဂါဘရီရယ်မက်ဂါဟေးစ်က အသင်းကခေါ်ယူဖို့ချိတ်ဆက်နေတဲ့ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုးကာရက်စ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စပို့တင်းလစ္စဘွန်းနဲ့ထိပ်တိုက်တွေ့ဆုံခဲ့တာကြောင့် ဂါဘရီရယ်အနေနဲ့လည်း ဂျိုကာရက်စ်ကို ပြိုင်ဘက်အဖြစ်ရင်ဆိုင်ခဲ့ရပါတယ်။ ဂါဘရီရယ်က ဂျိုကာရက်စ်ကို ပြိုင်ဘက်တစ်ယောက်အနေနဲ့ရင်ဆိုင်ရတာက ကြီးမားတဲ့စိန်ခေါ်မှုဖြစ်တာကြောင့် အသင်းမှာ ဂျိုကာရက်စ်လို တိုက်စစ်မှူးကောင်းတွေလိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်အထိတော့ ဂျိုကာရက်စ်ရဲ့အပြောင်းအရွှေ့အတွက် အာဆင်နယ်နဲ့ စပို့တင်းတို့ဟာ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေဆဲဖြစ်ပြီး သတင်းတွေအရ အာဆင်နယ်ဟာ ဆွီဒင်လက်ရွေးစင်အတွက် ပေါင် ၆၉ သန်းအထိကုန်ကျသွားနိုင်တယ်လို့သိရပါတယ်။ ယခုနွေရာသီအတွင်း အာဆင်နယ်ဟာ မာတင်ဇူဘီမန်ဒီ၊ ခရစ်ရှင်နော်ဂတ်နဲ့ ကီပါတို့ကိုခေါ်ယူအားဖြည့်ထားပြီးဖြစ်ပေမယ့် အဓိကလိုအပ်နေတဲ့ တိုက်စစ်မှူးနေရာကိုတော့ အခုချိန်အထိ အင်အားဖြည့်တင်းဖို့ကြိုးစားနေရဆဲဖြစ်ပါတယ်။
အသင်းရဲ့နွေရာသီအပြောင်းအရွှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဂါဘရီရယ်က "အာဆင်နယ်လိုအသင်းတစ်သင်းအနေနဲ့ အကောင်းဆုံးကစားသမားတွေရှိနေဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ဆုဖလားတွေအတွက် တိုက်ပွဲဝင်ချင်ပါတယ်။ကစားသမားသစ်တွေ အသင်းကိုရောက်လာရင် ကျွန်တော်အကြံပေးတာကတော့ အသင်းရဲ့လုပ်ငန်းစဉ်တွေအပေါ်မှာအာရုံစိုက်ဖို့နဲ့ တတ်နိုင်သလောက်အသင်းမှာ နေသားကျဖို့ပါပဲ။ အခုရောက်လာတဲ့ကစားသမားတွေကတော့ အသင်းနဲ့လိုက်လျောညီထွေဖြစ်နေပါပြီ။ ဒီနှစ်မှာတော့ ကျွန်တော်တို့အောင်မြင်မှုတွေသိမ်းပိုက်နိုင်မယ်လို့ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဂျိုကာရက်စ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘရာဇီးလက်ရွေးစင်က "သေချာတာတစ်ခုကတော့ ကျွန်တော်တို့သူ့ကိုပြိုင်ဘက်အဖြစ်ရင်ဆိုင်ခဲ့ရတုန်းက ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။ သူက ကစားသမားကောင်းတစ်ယောက်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ထိပ်တန်းခြေစွမ်းကိုပြသထားနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ရာသီကြိုခရီးစဉ်အဖြစ် မကြာမီမှာပဲ အာရှသို့ထွက်ခွာလာမှာဖြစ်ပြီး ဂျိုကာရက်စ်ကိုလည်း အဆိုပါခရီးစဉ်အမီ အသင်းသို့ခေါ်ယူနိုင်ဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။ သို့သော်လည်း အခုချိန်အထိတော့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေရဆဲဖြစ်လို့ ဆွီဒင်သားအနေနဲ့ အာဆင်နယ်နဲ့ အချိန်မီပူးပေါင်းသွားနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။