The network connection is lost.

Banner Image

လေဗာကူဆင်ကို နောက်ထပ်တစ်ကြိမ် အနိုင်ရပြီးနောက် ဘိုင်ယန်မြူးနစ်ကစားသမားတွေကို ကွန်ပနီချီးကျူး

ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီက ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ လေဗာကူဆင်ကို ၀-၂ နဲ့ထပ်မံအနိုင်ရရှိခဲ့ပြီးနောက် ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကို ချီးကျူးလာခဲ့ပါတယ်။ 

ပထမအကျော့ အိမ်ကွင်းမှာ လေဗာကူဆင်ကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ဘိုင်ယန်မြူးနစ်ဟာ ယခုဒုတိယအကျော့ အဝေးကွင်းမှာ နောက်ထပ်တစ်ကြိမ် ပြတ်သားတဲ့အနိုင်ရလဒ်ကို ဖော်ဆောင်ပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၀ နဲ့ကွာတားဖိုင်နယ်အဆင့်သို့ ထိုက်ထိုက်တန်တန်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ကွန်ပနီက "ပထမဆုံးပြောချင်တာကတော့ ဒီပွဲမှာစွမ်းဆောင်ရည်ကောင်းကို ထပ်ပြခဲ့တဲ့ ကစားသမားတွေကို ချီးကျူးချင်ပါတယ်။ ၂ ပွဲစလုံးနိုင်ခဲ့တာ ကျွန်တော်တို့အတွက် အရမ်းအရေးပါပါတယ်။ ဒါက ရာသီကိုအဆုံးအဖြတ်ပေးမှာတော့မဟုတ်ပေမယ့် ကျွန်တော်တို့ လေဗာကူဆင်ကို လေးလေးစားစားနဲ့ယှဉ်ပြိုင်ခဲ့ပါတယ်။ လွယ်ကူတဲ့ပွဲစဉ်တော့မဟုတ်ခဲ့ပါဘူး။ ဂိုးကွာခြားချက်တွေက အရေးမကြီးပေမယ့် ၂ ပွဲစလုံးက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ပွဲတွေဖြစ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဇာဗီအလွန်ဆိုရဲ့လေဗာကူဆင်ကို ပြတ်ပြတ်သားသားချေမှုန်းပြီး ၁၆ သင်းအဆင့်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ နောက်လမှာကျင်းပသွားမယ့် ကွာတားဖိုင်နယ်အဆင့်မှာတော့ အီတလီထိပ်သီးကလပ် အင်တာမီလန်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။