The network connection is lost.

Banner Image

ဘောလွန်းဒီအော်ဆုကို စိတ်ဝင်စားခြင်းမရှိကြောင်းပြောကြားလာတဲ့ ဒီကလန်ရိုက်စ်

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ရာသီဝက်ကာလအတွင်းမှာ သူ့ကို ဘောလွန်းဒီအော်ဆု ရရှိနိုင်တယ်လို့ ပြောဆိုနေကြတာတွေကို လျစ်လျူရှုထားတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပြည်တွင်းလိဂ်ပွဲစဉ်တွေမှာ အခြေအနေကောင်းနေသလို ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလား ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုရဖို့ မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။ ဒီလနှောင်းပိုင်းမှာ ကစားမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာတော့ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာပါ။

ဒါ့အပြင် ဒီကလန်ရိုက်စ်ဟာ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားရမှာဖြစ်ပြီး အင်္ဂလန် (ခြင်္သေ့သုံးကောင်) အသင်းဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဒီကလန်ရိုက်စ်ဟာ အောင်မြင်မှုတွေရဖို့ ကြိုးစားနေချိန်မှာပဲ ဒီရာသီမှာ သူကိုယ်တိုင် ဘောလွန်းဒီအော်ဆုကို ရရှိနိုင်ခြေရှိနေပေမဲ့ အဲဒီအပေါ်မှာ အာရုံမစိုက်ထားဘူးလို့ ဒီအပတ်အတွင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

"ဒါက အဝေးကြီး လိုပါသေးတယ်။ ရာသီကလည်း အများကြီးကျန်သေးတယ်၊ ဆုဖလားတချို့လည်း ရယူဖို့လိုသလို ခြေစွမ်းကောင်းတွေကိုလည်း ဆက်ပြီးထိန်းထားဖို့ လိုပါတယ်။ အဲဒီကိစ္စတွေထဲမှာ အာရုံတွေရှုပ်မခံဘဲ လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင်ပဲ အာရုံစိုက်နေပါတယ်။ ဘောလုံးကိုပဲ ဆက်ပြီးကစားသွားမှာဖြစ်ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ" လို့ သူက ဆိုပါတယ်။

"ကိုယ့်ရဲ့ ကစားသမားဘဝမှာ ဘယ်လိုအောင်မြင်မှုမျိုးတွေ ထပ်ပြီးရဦးမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ရာသီတွေ တစ်ခုပြီးတစ်ခု ဖြတ်သန်းရင်း အပတ်တိုင်းမှာ ပါဝင်ကစားပြီး ခြေစွမ်းတွေ ပိုပြီးတိုးတက်လာတဲ့အခါမှာတော့ ကိုယ်ရယူနိုင်တဲ့ အောင်မြင်မှုတွေက အကန့်အသတ်မရှိ ဖြစ်လာနိုင်ပါတယ်" လို့လည်း ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ အူစမန်ဒမ်ဘီလီဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ လီဂူးဝမ်းဖလား အပါအဝင် ပြည်တွင်းဆုဖလားတွေ၊ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဘောလွန်းဒီအော်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီကလန်ရိုက်စ်ဟာ မိုက်ကယ်အိုဝင်နောက်ပိုင်း ဘောလွန်းဒီအော်ဆုကို ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်မယ့် အင်္ဂလန်ကစားသမားဖြစ်လာဖို့ နီးစပ်နေသလို အာဆင်နယ်အသင်းဟာလည်း လာမယ့် ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပုထမအကျော့အဖြစ် ဘေယန်လေဗာကူဆင်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။