အူဒီးနီးစ်နောက်ခံလူ အူမာဆိုလက်ကို နွေရာသီရဲ့ အဓိကပစ်မှတ်အဖြစ် အင်တာမီလန် သတ်မှတ်
အင်တာမီလန်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလအတွက် အူဒီးနီးစ်နောက်ခံလူ အူမာဆိုလက်ကို သူတို့ရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဝါရင့်နောက်ခံလူ စတီဖန်ဒီဗရီဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ များနေတာကြောင့် အင်တာမီလန်အသင်းက သူ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတစ်ယောက်ကို ရှာဖွေနေတာပါ။
ပြင်သစ်သတင်းဌာနတစ်ခုဖြစ်တဲ့ Foot Mercato ရဲ့ ဖော်ပြချက်အရ ခရစ်စတီယန်ချီဗူးရဲ့ အသင်းဟာ အသက် ၂၆ နှစ်အရွယ် အူဒီးနီးစ်နောက်ခံလူ ဆိုလက်ကို သူတို့အသင်းဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အူဒီးနီးစ်မှာ ပြသနေတဲ့ ဆိုလက်ရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် အင်တာမီလန်ဘုတ်အဖွဲ့ဝင်တွေ အားလုံးက သူ့ကိုခေါ်ယူဖို့ တစ်ခဲနက် ဆုံးဖြတ်ခဲ့ကြတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဆိုလက်ဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ RB ဆာလ်ဘတ်အသင်းကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၄၈ ပွဲအထိ ပါဝင်ကစားပေးထားပြီး အူဒီးနီးစ်အသင်းရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။