အင်တာမီလန်ကို အမီလိုက်ဖို့ အေစီမီလန်မှာ အရည်အချင်းရှိတယ်လို့ တိုမိုရီ အခိုင်အမာပြောကြား
တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ဒါဘီပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီးနောက် အေစီမီလန်နောက်ခံလူ ဖီကာယို တိုမိုရီက စီးရီးအေဇယားထိပ်က အင်တာမီလန်ကို သူတို့အသင်းအနေနဲ့ အမီလိုက်နိုင်စွမ်းရှိတယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။ ဒီနိုင်ပွဲကြောင့် မီလန်အသင်းဟာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးက အင်တာမီလန်နဲ့ ၇ မှတ်အကွာကို ရောက်ရှိလာခဲ့တာပါ။
ပွဲအပြီးမှာတော့ တိုမိုရီက "ဘယ်သူသိနိုင်မှာလဲ၊ အခုအချိန်မှာတော့ ကျွန်တော်တို့ ကိုယ့်ဘာကိုယ်ပဲ အာရုံစိုက်ဖို့ လိုပါတယ်။ ဒီညပွဲက တကယ့်ကို အရေးကြီးတဲ့ပွဲတစ်ပွဲဆိုတာ ထင်ရှားသလို အရမ်းကို အားကောင်းတဲ့အသင်းတစ်သင်းကို အကောင်းဆုံးခြေစွမ်းပြပြီး အနိုင်ရခဲ့တဲ့အတွက်လည်း ကျွန်တော် ဝမ်းသာပါတယ်။ ဒါဘီပွဲဆိုတာ အမြဲတမ်း ထူးခြားပြီး ခက်ခဲတဲ့ပွဲမျိုးပါ။ ကျွန်တော်တို့ အနိုင်ရခဲ့လို့ ပျော်ရွှင်ရပါတယ်၊ အခုတော့ ဒီအောင်ပွဲကို ပျော်ပျော်ပါးပါး ဖြတ်သန်းပြီး ရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ဖို့ပဲ အာရုံစိုက်သွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက "ဒီလိုပွဲမျိုးတွေမှာဆိုရင် နည်းပြက စကားအများကြီး ပြောဖို့တောင် မလိုပါဘူး။ ဒါဟာ ဒါဘီပွဲစဉ်ဖြစ်သလို ကလပ်အသင်းအတွက်ရော၊ ကျွန်တော်တို့နဲ့ ပရိသတ်တွေအတွက်ပါ ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ အားလုံးသိပြီးသားပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံက သူတို့ကို ဖိအားပေးနိုင်မယ်ဆိုတာ သိထားသလို ဂိုးရနိုင်မယ့် အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ပထမပိုင်းမှာတင် နောက်ထပ်ဂိုးတွေ ထပ်ရနိုင်ခဲ့သလို တခြား အန္တရာယ်ရှိတဲ့ အခွင့်အရေးတွေလည်း ရခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ အမှတ်ပြည့် ၃ မှတ် ရရှိခဲ့တဲ့အတွက် ကျွန်တော်တို့ အများကြီး ပျော်ရွှင်မိပါတယ်" လို့ ဆိုခဲ့ပါတယ်။