
ဆော်ဒီပရိုလိဂ်သို့ပြောင်းရွှေ့ဖို့စဉ်းစားခဲ့သေးကြောင်း ဝန်ခံပြောကြားလာတဲ့ ရာဖင်ဟာ
ဘာစီလိုနာရဲ့ တောင်ပံကြယ်ပွင့်ကစားသမား ရာဖင်ဟာက သူဟာ အသင်းသို့နည်းပြဟန်ဆီဖလစ်မရောက်လာခင်က နူးကမ့်မှထွက်ခွာပြီး ဆော်ဒီပရိုလိဂ်သို့ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့သေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာဟာ အသင်းရဲ့ဂန္ထဝင်ကစားသမား လီယွန်နယ်မက်ဆီထွက်ခွာသွားပြီးနောက်ပိုင်း တည်ငြိမ်တဲ့ပုံစံရဖို့ အတော်လေးရုန်းကန်ခဲ့ရပြီး နည်းပြသစ်ဟန်ဆီဖလစ်ရောက်ရှိလာမှသာ ဂျာမန်သားရဲ့ ဦးဆောင်မှုနဲ့အတူ ကစားသမားတွေကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်ပြီး ပိုမိုကောင်းမွန်တဲ့အခြေအနေကို ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။
ဖလစ်ရဲ့လက်အောက်မှာ ဘာစီလိုနာရဲ့ကစားသမားအချို့ဟာ အတော်လေးထွန်းတောက်လာခဲ့ကြပြီး အဆိုပါကစားသမားတွေထဲမှာ ရာဖင်ဟာကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင်ဟာ ၂၀၂၂ ခုနှစ်မှာ လိဒ်မှဘာစီလိုနာသို့စတင်ပြောင်းရွှေ့လာခဲ့ပြီး စပိန်မြေသို့ရောက်ကာစမှာ အတော်လေးရုန်းကန်ခဲ့ရပေမယ့် ဖလစ်ရဲ့လက်အောက်မှာတော့ ဘောလွန်းဒီအော်ဆုကိုပါ မျှော်လင့်နိုင်တဲ့အခြေအနေအထိ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ယခုအခါ ဘရာဇီးအခြေစိုက် ESPN သတင်းဌာနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရာဖင်ဟာက "ကျွန်တော် ဘာစီလိုနာကနေထွက်ခွာမယ်လို့ သေချာစဉ်းစားခဲ့ပါသေးတယ်။ အသင်းကနေထွက်ခွာမယ်လို့ ဆုံးဖြတ်ပြီးချိန်မှ ဟန်ဆီဖလစ်နဲ့စကားပြောဖြစ်ခဲ့ပြီး သူက ကျွန်တော့်ကိုဆက်နေဖို့ တိုက်တွန်းခဲ့ပါတယ်။ သူ့ရဲ့တိုက်တွန်းမှုကြောင့် ကျွန်တော်ဒီမှာဆက်ရှိနေတာဖြစ်ပြီး အဲဒီအတွက်သူ့ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်"
"ကျွန်တော်ဆော်ဒီအာရေဗျရဲ့ကမ်းလှမ်းမှု ကို လက်ခံရရှိခဲ့ပြီး သူတို့ရဲ့ကမ်းလှမ်းမှုက ကျွန်တော့်ရဲ့ကိုယ်ပိုင်ပြဿနာ၊ မိသားစုပြဿနာနဲ့ မိဘတွေရဲ့ပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်စွမ်းရှိပါတယ်။ ကျွန်တော် အသက်-၁၅ နှစ်အရွယ်ကတည်းက ဘောလုံးကစားခဲ့ပြီး နေရာတိုင်းမှာ အကောင်းရော၊ အဆိုးပါကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကမိသားစုကိုစောင့်ရှောက်ဖို့အတွက် ဆော်ဒီကိုသွားချင်ခဲ့ပေမယ့် ဖလစ်ရဲ့ကျေးဇူးကြောင့် အခု သူတို့ကို ဘာစီလိုနာမှာ စောင့်ရှောက်နေနိုင်ပါပြီ" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ရာဖင်ဟာအနေနဲ့ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၃၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂၂ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ကစားသမားဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်။ ဘရာဇီးသားဟာ ဒီရာသီမှာ ဘာစီလိုနာအတွက်စုစုပေါင်း ၇ ပွဲသာပါဝင်ကစားထားပြီး ၃ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၂ ကြိမ်သာပြုလုပ်ထားနိုင်ပါသေးတယ်။သို့သော်လည်း ဒဏ်ရာပြဿနာတွေကနေပြန်လာနိုင်တာနဲ့တပြိုင်နက် ရာဖင်ဟာအနေနဲ့ ထိပ်တန်းခြေစွမ်းတွေနဲ့ ဘာစီလိုနာကိုပြန်လည်ကူညီသွားဦးမှာဖြစ်ပါတယ်။