
The network connection is lost.

ဒီနေ့မနက်ပိုင်း၊ မက်ထရိုပိုလီတာနိုကွင်းအတွင်း ယှဉ်ပြိုင်ကစားတဲ့ မက်ဒရစ်ဒါဘီလာလီဂါပွဲစဉ်မှာ အိမ်ရှင်အက်သလက်တီကိုမက်ဒရစ်က ဧည့်သည်ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ နည်းပြဆီမြွန်နီရဲ့အသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ လာလီဂါပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ ရီးရဲလ်မက်ဒရစ်ကို ရပ်တန့်နိုင်ခဲ့ပြီး အိမ်ကွင်းအဖိုးတန်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ ပွဲအစလေးမိနစ်ခန့်မှာပဲ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း မိုရာတာက အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးကို ပြိုင်ဘက်ဂိုးဧရိယာအတွင်း အပိုင်ခေါင်းတိုက်ကာ သွင်းယူခဲ့ပါတယ်။
ဆက်လက်ပြီး ဂရစ်ဇ်မန်းက အေတီကိုအတွက် နောက်ထပ်ဦးဆောင်ဂိုး တစ်ဂိုးကို ထပ်မံသွင်းယူပေးခဲ့တာကြောင့် ပွဲအစပိုင်းမှာပဲ အိမ်ရှင်တို့ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာပဲ ဂျာမန်ဝါရင့်ကွင်းလယ်လူတိုနီကရူးစ်က လှပတဲ့ အဝေးကန်ချက်နဲ့အတူ အန်ဆယ်လော့တီရဲ့အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့လို့ ပွဲချိန်ထက်ဝက်ကုန်ဆုံးချိန်မှာ အေတီကိုက ရီးရဲလ်မက်ဒရစ်ကို တစ်ဂိုးအသာဖြင့်သာ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းစတင်ချိန်မှာပဲ မိုရာတာက အေတီကိုအတွက် နောက်ထပ်သွင်းဂိုးတစ်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြန်လို့ အိမ်ရှင်တို့ နှစ်ဂိုးအသာဖြင့် ပွဲကို ဦးဆောင်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ပွဲချိန်နှောင်းပိုင်းမှာ လူစားလဲလှယ်မှုတွေပြုလုပ်ပြီး ပွဲဆီပြန်လာနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အက်သလက်တီကိုမက်ဒရစ်ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ခံစစ်ပိုင်းမာကျောမှုကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
ဒါကြောင့် ပွဲပြီးဆုံးချိန်မှာ အက်သလက်တီကိုမက်ဒရစ်က ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိကာ အဖိုးတန် ဒါဘီအောင်ပွဲကို ရယူခဲ့ပါတယ်။