ဂယ်လာဟာကို ယူရိုသန်း ၄၀ နဲ့အပြီးသတ်ခေါ်ယူလိုက်ကြောင်း တော့တင်ဟမ် ကြေညာ
တော့တင်ဟမ်ဟာ အက်စတွန်ဗီလာသို့ ပြောင်းရွှေ့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူဟောင်း ကော်နာဂယ်လာဟာကို ယူရိုသန်း ၄၀ နဲ့အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာလာခဲ့ပါတယ်။
လက်ရှိရာသီမှာ တော့တင်ဟမ်ရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရိုဒရီဂိုဘန်တန်ကာ၊ လူးကပ်စ်ဘာ့ဂ်ဗောလ်၊ ဇာဗီဆိုင်မွန်၊ ပါပေမက်တာဆားနဲ့ အာချီဂရေးတို့က ပုံစံကောင်းရဖို့ရုန်းကန်နေရပေမယ့် ဂယ်လာဟာကတော့ အက်သလက်တီကိုမှာ အဆိုပါကစားသမားအားလုံးထက် ပိုမိုသာလွန်တဲ့ခြေစွမ်းကိုပြသထားနိုင်တာဖြစ်ပါတယ်။
ဂယ်လာဟာကိုခေါ်ယူလိုက်ပြီးနောက် တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က "ကော်နာက ထိပ်တန်း ကွင်းလယ်လူတစ်ယောက်ပါ။ သူက မမောနိုင်မပန်းနိုင် အလုပ်ကြိုးစားသူလည်းဖြစ်ပါတယ်။ အသက်ကလည်း ငယ်သေးတော့ တိုးတက်လာဖို့ အများကြီးကျန်ပါသေးတယ်။ ပြီးတော့ သူက ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာကစားခဲ့တော့ အတွေ့အကြုံပိုင်းမှာလည်း အတော်လေးရင့်ကျက်နေပါပြီ"
"သူက ထိပ်တန်းအသင်းတွေမှာ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ဖူးပါတယ်။ ဒါကြောင့် သူ့ရဲ့ခေါင်းဆောင်နိုင်စွမ်းနဲ့ ရင့်ကျက်မှုကို တော့တင်ဟမ်ဆီသယ်လာနိုင်မယ်လို့ယုံကြည်ပါတယ်။ ကွင်းရဲ့ အဓိက နေရာတွေမှာ ကစားနိုင်စွမ်းရှိလို့ အသင်းရဲ့တိုက်စစ်အတွက်ရော၊ ခံစစ်အတွက်ပါ အားကိုးရမှာသေချာပါတယ်။ ပရိတသ်တွေအနေနဲ့လည်း သူ့ကိုခေါ်ယူလိုက်နိုင်ဖို့ ဝမ်းသာမယ်လို့ ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ မြောက်လန်ဒန်သို့ရောက်ရှိနေပြီဖြစ်တဲ့ ဂယ်လာဟာကလည်း တော့တင်ဟမ်သို့ပြောင်းရွှေ့ခွင့်ရလို့ ဝမ်းသာမိကြောင်း ပြောကြားလာခဲ့ပါတယ်။ အင်္ဂလန်သားက "ကျွန်တော် တော့တင်ဟမ်ကစားသမားတစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်။ ဒီကိုရောက်လာရတဲ့အတွက်လည်းအရမ်း စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝ နောက်ထပ်ခြေတစ်လှမ်းကို ဒီလိုအသင်းမျိုးနဲ့အတူ လျှောက်လှမ်းခွင့်ရမှာဖြစ်လို့ အရမ်းဝမ်းသာပါတယ်"
"ဒီကိုပြောင်းလာဖို့ လွယ်လွယ်ကူကူပဲဆုံးဖြတ်ခဲ့ပြီး ဆွေးနွေးမှုတွေကလည်း လျင်လျင်မြန်မြန်ပဲ သဘောတူညီမှုရခဲ့တာပါ။ အခုချိန်မှာကစားဖို့အတွက်တောင် ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ ဒီအသင်းရဲ့ပရိသတ်တွေက ဘယ်လောက်အထိ ကောင်းလဲဆိုတာ ကျွန်တော်သိပါတယ်။သူတို့နဲ့အတူ အရမ်းကောင်းတဲ့အခိုက်အတန့်တွေ ဖြတ်ကျော်သွားချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။