The network connection is lost.

Banner Image

တပည့်ဟောင်းဖြစ်သူကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဆီမြွန်နီ

သတင်းတွေအရ တီကိုအသင်းဟာ  အာဆင်နယ်စတား ပါတေးကို လာမယ့်နွေမှာ ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်သားဟာ အခုနွေရာသီမှာ အာဆင်နယ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အလွတ်နဲ့ထွက်ခွာခွင့်ရမှာဖြစ်ပါတယ်။ မာကာသတင်းဌာနကတော့ ပါတေးကို ဘာစီလိုနာအသင်းကလည်း မျက်စိကျနေတယ်လို့ သိရပါတယ်။ အာတီတာကလည်း ပါတေးရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လတွေကတည်းက မထူးခြားသေးဘူးလို့ ပြောကြားခဲ့သလို စာချုပ်သက်တမ်းတိုးဖို့ မဆွေးနွေးရသေးတာဖြစ်ပါတယ်။

အာဆင်နယ်ဘက်က ပါတေးနေရာမှာ ဇူဘီမန်ဒီနဲ့အစားထိုးဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ပါတေးဟာ ၂၀၂၀ တုန်းက တီကိုအသင်းကနေထွက်ခွာလာခဲ့တာဖြစ်ပြီး ဒီရာသီမှာ ကစားသမားဘဝအကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ညက ရီးရဲလ်နဲ့ပွဲမှာလည်း ပါတေးတစ်ယောက် ပြောင်မြောက်တဲ့စွမ်းဆောင်ရည်တစ်ရပ်ပြသနိုင်ခဲ့ပြီး အာဆင်နယ်ကို ဆီမီးဖိုင်နယ်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အဝါကတ်ထိခဲ့တာကြောင့် ပါတေးအနေနဲ့ ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ အာဆင်နယ်စတားဟောင်း ဝဲလ်ကော့တ်ကတော့ ပီအက်စ်ဂျီနဲ့ ပထမအကျော့ပွဲကို ပါတေးမပါဝင်နိုင်တာက အာဆင်နယ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖို့ ထောက်ပြခဲ့ပြီး မာရီနိုကို ချီးကျူးခဲ့ပါတယ်။

“အာဆင်နယ် နဲ့ ပီအက်စ်ဂျီက ဒီရာသီချန်ပီယံလိဂ်ရဲ့အကောင်းဆုံး ၂ သင်းပါ။ ဆီမီးဖိုင်နယ်က မတူညီတဲ့အနေအထားဖြစ်လာမှာပါ။ အာဆင်နယ်အနေနဲ့ အုပ်စုတွင်းပွဲစဉ်မှာတုန်းက ၂-၀ နဲ့အနိုင်ရထားခဲ့ပါတယ်။ အဲ့အချိန်တုန်းက ပီအက်စ်ဂျီက ပုံစံကောင်းမရသေးပါဘူး။ အခုတော့ သူတို့ပုံစံကောင်းရနေပါပြီ။ အာဆင်နယ်အနေနဲ့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ပါတေးမပါနိုင်တဲ့ပြဿနာကိုလည်း ရှင်းရပါမယ်။

ဘာနေဗျူးမှာ သူက အရမ်းအရေးပါတဲ့သူဖြစ်ခဲ့ပါတယ်။ သူသာ ခံစစ်ဆင်းမကူရင် အာဆင်နယ်အတွက် ခက်ခဲနိုင်ပါတယ်။ ပါတေးက အာဆင်နယ်ကွင်းလယ်မှာနေပြီး ဘောလုံးနှေးအောင်ရယ် ကွင်းလယ်ကိုပါ ထိန်းချုပ်နိုင်ပါတယ်။ ပီအက်စ်ဂျီကလည်း ကွင်းလယ်အရမ်းကောင်းပါတယ်။ မာရီနိုကို ပါတေးနေရာဆင်းကန်ခိုင်းလို့ရပေမယ့် တိုက်စစ်မှာ သူကပိုအကျိုးပြုနေပါတယ်။  ပါတေးနေရာအတွက်တော့ အာတီတာစဉ်းစားရမှာဖြစ်ပြီး အခုတော့ အစ်ဝှစ် နဲ့ ပဲလေ့စ်ပွဲတွေကို အာရုံစိုက်ရပါမယ်”လို့ ဝဲလ်ကော့တ်က ပြောကြားခဲ့ပါတယ်။