အက်သလက်တီကိုမှထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဆီမြွန်နီ
အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီဟာ အသင်းကနေထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်လာခဲ့တာကြောင့် အာဂျင်တီးနားသားနည်းပြအနေနဲ့ ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့လာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယူနိုက်တက်ဟာ ဘင်ဂျမင် ဆက်စကိုရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ ဖူလ်ဟမ်အသင်းကို အိုးထရက်ဖို့ဒ်မှာ အနိုင်ရရှိခဲ့တာကြောင့် မိုက်ကယ် ကာရစ်ရဲ့လက်ထက်မှာ ယူနိုက်တက်ဟာ သုံးပွဲဆက်တိုက် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။
ကာရစ်အနေနဲ့ အသင်းကို ဦးဆောင်နိုင်စွမ်းက သူ့ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ အခွင့်အရေး ပိုမိုခိုင်မာလာစေပေမယ့် ကလပ် ဂန္ထဝင်ကစားသမား ရွိုင်ကိန်းကတော့ ဒီအချက်ကို သဘောမတူဘဲ ယူနိုက်တက်ဟာ ပိုမိုကောင်းမွန်တဲ့ နည်းပြတစ်ေဦးလိုအပ်နေတယ်လို့ အခိုင်အမာပြောကြားနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ရွိုင်ကိန်းက ယာယီနည်းပြ ကားရစ်အနေနဲ့ ရာသီကုန်အထိ ပွဲတိုင်းအနိုင်ရခဲ့ရင်တောင် သူ့ကို အမြဲတမ်းနည်းပြ မခန့်အပ်သင့်ဘူးလို့ ယုံကြည်နေပါတယ်။
ရွိုင်ကိန်းဟာ ယူနိုက်တက်ရဲ့ အနာဂတ်အတွက် အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ဆောင်လာပြီး အသင်းကို စနစ်တကျ ပြောင်းလဲပစ်ဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။
“သူသာ ယူနိုက်တက်ကို ရောက်လာရင် ‘ဒါဟာ မင်းတို့ လုပ်ရမယ့် ပုံစံပဲ’ ဆိုပြီး ပြတ်ပြတ်သားသား သင်ပြပေးနိုင်လိမ့်မယ်။ သူ့ရဲ့ ပုဂ္ဂိုလ်ရေး အရည်အသွေးနဲ့ အောင်မြင်မှု မှတ်တမ်းတွေကို ကျွန်တော် သဘောကျပါတယ်” လို့ ရွိုင်ကိန်းက ယခင်ကတည်းက ဖွင့်ဟခဲ့ဖူးပါတယ်။
ဆီမြွန်နီဟာ အက်သလက်တီကို အသင်းကို လာလီဂါ အလယ်အလတ်အဆင့်ကနေ ချန်ပီယံဆုအတွက် အမြဲတမ်း စိန်ခေါ်နိုင်တဲ့ အသင်းကြီးတစ်သင်းဖြစ်အောင် ပြောင်းလဲပေးခဲ့တဲ့ ဥရောပရဲ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ဦး ဖြစ်ပါတယ်။
လော့စ် ရိုဟီဘလန်ကို့စ် လို့ အမည်ပြောင်ရတဲ့ အက်သလက်တီကိုအသင်းဟာ ဒီအာဂျင်တီးနားသား နည်းပြလက်ထက်မှာ လာလီဂါဖလား နှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလည်း နှစ်ကြိမ်တိုင်တိုင် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အက်သလက်တီကိုမှာ ၁၄ နှစ်ကျော်ကြာ တာဝန်ယူခဲ့ပြီးနောက်မှာတော့ ဆီမြွန်နီအနေနဲ့ အသင်းကနေ ထွက်ခွာဖို့အထိ စဉ်းစားနေပြီလို့ သိရပါတယ်။
အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီမြွန်နီနဲ့ အသင်းပိုင်ရှင်သစ်တွေကြားမှာ အသင်းရဲ့ အနာဂတ်မျှော်မှန်းချက်တွေနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိနေတာကြောင့် ဆက်ဆံရေး ပျက်ပြားလာခဲ့တယ်လို့လည်း သိရပါတယ်။
ဆီမြွန်နီဟာ အသင်းရဲ့ ရေရှည်စီမံကိန်းတွေနဲ့ ဆုံးဖြတ်ချက်တွေမှာ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ကို ပိုမိုရရှိဖို့ တောင်းဆိုခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ အခြား အမြင်တွေ ရှိနေကြတာပါ။
ဒါကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တော် ဆီမြွန်နီဟာ အသင်းနဲ့ ပဋိပက္ခတွေ ထပ်မံမဖြစ်ချင်တော့တဲ့အတွက် လာမယ့် ရာသီကုန်မှာ မက်ထရိုပိုလီတာနို အားကစားကွင်းကနေ အဆင်ပြေပြေ လမ်းခွဲဖို့ ဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆီမြွန်နီအနေနဲ့ စပိန်မြေကို စွန့်ခွာပြီး အင်္ဂလန်မြေမှာ ယူနိုက်တက်ကို ဆက်လက်ဦးဆောင်ဖို့ အခွင့်အရေးရသွားမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။