ရီးရဲလ်မက်ဒရစ်လူငယ်ကြယ်ပွင့် အာဒါဂူလာနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ချပြလာတဲ့ တိုနီခရူးစ်
တိုနီခရူးစ်က ရီးရဲလ်မက်ဒရစ်မှာ တူရကီလူငယ်ပါရမီရှင်အာဒါဂူလာရဲ့အခန်းကဏ္ဍကြီးထွားလာမှုအပေါ် ချီးကျူးဂုဏ်ပြုရင်း ကစားသမားဘဝအနားယူပြီးနောက် သူ့ရဲ့လတ်တလောလှုပ်ရှားမှုအကြောင်းကိုလည်း Sport1 နဲ့ အင်တာဗျူးအစီအစဉ်မှာ မျှဝေပေးသွားပါတယ်။ ဘာနေဗျူးကို ဆယ်စုနှစ်တစ်ခုကြာ လွှမ်းမိုးခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကုန်ဆုံးချိန် ကစားသမားဘဝအနားယူသွားတဲ့ ဂျာမန်ဂန္တဝင်က အာဒါဂူလာရဲ့တိုးတက်မှုနဲ့ အလားအလာကောင်းအပေါ် လေးစားမှု ကို ဖော်ပြသွားခဲ့ပါတယ်။
တိုနီခရူးစ်က “ ဒီနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် အာဒါဂူလာအတွက် ပွဲကစားချိန်မိနစ်တွေ ပိုမိုရရှိလာလို့ ဝမ်းမြောက်မိပါတယ်။ သူ့ရဲ့ဘောလုံးအရည်အသွေးကြောင့် ပွဲကစားချိန်မိနစ်တွေနဲ့ ထိုက်တန်မှုအပြည့်ရှိပြီး သူဟာ အနာဂတ်မှာ ကျွန်တော်တို့အတွက် အားကိုးအားထားပြုနိုင်သူတစ်ဦး ဖြစ်နေပါတယ်။
(သူတို့နှစ်ဦးအကြား နှိုင်းယှဉ်နေမှုနဲ့ပတ်သက်ပြီး) အာဒါဂူလာက ကျွန်တော့်ထက် ပိုမိုထူးခြားတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့အကောင်းဆုံးနေရာက ကျွန်တော့်နေရာထက် တိုက်စစ်ပိုင်းနဲ့ပိုနီးစပ်လို့ သူက ကျွန်တော့်ရဲ့နေရာဆက်ခံသူ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ခြုံပြောရရင် သူက လူကောင်းတစ်ဦးဖြစ်လို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကျွန်တော်လည်း သူနဲ့ တွဲဖက်ကစားဖူးပါတယ်။ ဘောလုံးနဲ့ပတ်သက်လို့ သူ့ဆီမှာ နူးညံ့သိမ်မွေ့တဲ့ အထိအတွေ့ရှိထားပြီး ဒါကို အခုဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ထိထိရောက်ရောက်အသုံးချခဲ့ပြီးပါပြီ”လို့ ပြောပါတယ်။
ကွင်းလယ်ဗိုလ်ချုပ်ဟောင်းက ဂူလာရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်ရှည်သည်းခံပေးဖို့နဲ့ စဉ်ဆက်မပြတ်လုပ်ဆောင်သွားဖို့ တိုက်တွန်းခဲ့ပြီး ကစားသမားရဲ့အလားအလာကောင်းတွေကို ဖြည့်ဆည်းနိုင်ဖို့ ပွဲကစားချိန်မိနစ်တွေရရှိရေးဟာ အဓိကကျတယ်လို့ သုံးသပ်ခဲ့ပါတယ်။ တိုနီခရူးစ်က “ တိုးတက်လာဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်လို့ သူ့အတွက် ပွဲကစားချိန်မိနစ်တွေ ဆက်လက်ရရှိနေဖို့ ကျွန်တော်မျှော်လင့်နေရခြင်း ဖြစ်ပါတယ်။ ဒီအတိုင်းသာဖြစ်လာမယ်ဆိုရင် အာဒါဂူလာက ရီးရဲလ်မက်ဒရစ်မှာ သူ့ရဲ့အမွေအနှစ်တွေကို ချန်ထားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်းက ဘောလုံးကစားခြင်းမှ အနားယူပြီးနောက် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာ အင်တိုက်အားတိုက်ပါဝင်လှုပ်ရှားနေပါတယ်။ တိုနီခရူးစ်က “ ကျွန်တော့်ရဲ့သတင်းတွေ မကြားတာနဲ့ဘဲ ကျွန်တော် အလုပ်မလုပ်ဘူးလို့ မထင်လိုက်ပါနဲ့။ ကိစ္စတွေ အများကြီးဖြစ်ပေါ်နေပါတယ်။ ကျွန်တော်က မက်ဒရစ်မှာရှိတဲ့ ကျွန်တော့်ရဲ့အကယ်ဒမီအတွက် နေ့စဉ် အလုပ်လုပ်နေပြီး အသင်းနှစ်ခုကိုလည်း ပုဂ္ဂိုလ်ရေးအရ ကိုင်တွယ်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့လူမှုရေးဖောင်ဒေးရှင်းက ကြီးကျယ်ခမ်းနားလှတဲ့ အခမ်းအနားတစ်ခုနဲ့အတူ ဆယ်နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်က ဂျာမနီမှာလူကြိုက်များနေတဲ့ ရုံတွင်း 5vs5 ဘောလုံးပြိုင်ပွဲကိုလည်း ပြည့်ပြည့်စုံစုံအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။