The network connection is lost.

Banner Image

အက်သလက်တီကိုမက်ဒရစ်နဲ့ နှစ်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ဂရစ်ဇ်မန်း

အမေရိကန်မေဂျာလိဂ်ကလပ် LAFC ရဲ့စိတ်ဝင်စားမှု ကိုငြင်းဆန်ကာ အက်သလက်တီကိုမက်ဒရစ်ကစားသမား ဂရစ်ဇ်မန်းက စပိန်ကလပ်အသင်းမှာပဲ ဆက်ရှိနေဖို့ ရွေးချယ်ခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်မှာ နှစ်နှစ်ဆက်ရှိနေဖို့ဂရစ်ဇ်မန်းသဘောတူလိုက်ပြီလို့ ကလပ်အသင်းဘက်မှ တနင်္လာနေ့မှာ ကြေညာလာပြီးနောက် LAFC ရဲ့အပြောင်းအရွှေ့မျှော်လင့်ချက်အတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟောင်းက မေဂျာလိဂ်ဆီပြောင်းရွှေ့ဖို့ အချိန်အတန်ကြာစဉ်းစားခဲ့ဖူးပြီး LAFC ကလည်း သူ့ရဲ့စိတ်ကြိုက်နေရာတွေထဲမှာပါဝင်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ဂရစ်ဇ်မန်းရဲ့ စပိန်မြေမှာဆက်ရှိနေဖို့ရွေးချယ်မှုက ဖြစ်လာနိုင်ချေရှိတဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခုကို နှောင့်နှေးကြန့်ကြာသွားစေပါတယ်။

GiveMeSport သတင်းဌာနရဲ့အဆိုအရ ပစ်မှတ်ကစားသမားတစ်ဦးကို ရှာဖွေနိုင်ဖို့အတွက် LAFC အနေဖြင့် လာမယ့်လတွေအတွင်း အပြောင်းအရွှေ့ဈေးကွက်မှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားဖွယ်ရှိတယ်လို့ သိရပါတယ်။လက်ရှိတိုက်စစ်မှူးအိုလီဗာဂီရော့ဒ်ရဲ့စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ကုန်ဆုံးဖို့ရှိနေပေမယ့် ကလပ်အသင်းဆီမှာ တစ်နှစ်သက်တမ်းတိုးနိုင်မယ့် အခွင့်အရေးတစ်ရပ်လည်း ရှိနေပြန်ပါတယ်။ ဒါကြောင့်ပဲ သူတို့တွေက ပြင်သစ်လက်ရွေးစင်အသင်းမှာ အောင်မြင်ခဲ့တဲ့ တိုက်စစ်အတွဲကို ပြန်လည်ပုံဖော်ဖို့ ဆန္ဒရှိလာတယ်လို့ ယူဆရပါတယ်။

စာချုပ်သက်တမ်းတိုးပြီးနောက် ကျေနပ်အားရမှုအပြည့်ရှိနေတဲ့ ဂရစ်ဇ်မန်းက “ နှစ်ပေါင်းများစွာကြာ အခုလိုအံ့အားသင့်ဖွယ်ဂျာစီကို ဝတ်ဆင်ခွင့်ရရှိခဲ့လို့ အရမ်းပျော်ရွှင်မိပါတယ်။ ပရိသတ်တွေဆီ ပျော်ရွှင်မှုတွေ သယ်ဆောင်လာနိုင်ဖို့လည်း မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

အနည်းဆုံးတော့ ကွင်းလယ်တိုက်စစ်ကစားသမားက အက်သလက်တီကိုမက်ဒရစ်မှာ နောက်ထပ်နှစ်နှစ် ဆက်ရှိနေပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်အတွင်း သူ့ရဲ့ပွဲကစားချိန် အနည်းငယ်လျော့ကျခဲ့ပေမယ့် စပိန်ဘီလူးကြီးအတွက် ပြိုင်ပွဲစုံ ၁၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ကိုးကြိမ် စွမ်းဆောင်ပေးခဲ့ပါတယ်။