
ဆာကာနှင့်ပတ်သက်ပြီး စွန့်စားမှုလုပ်မှာမဟုတ်တဲ့ အာဆင်နယ်
အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ လီဗာပူးကို ကျော်တက်ရန် မျှော်လင့်ချက်များဟာ ဗုဒ္ဓဟူးနေ့းက ဂွတ်ဒီဆင်ပါ့ခ်တွင် ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီ သရေကျခဲ့ပြီးနောက် အနည်းငယ်မြင့်တက်လာခဲ့ပါတယ်။ ကျန်ရှိသော ပွဲစဉ် ၁၄ ပွဲနှင့် ၇ မှတ်ကွာဟမှုဆိုတာက အချိန်များစွာကျန်သေးသော်လည်း အာဆင်နယ်က တိုက်စစ်ကစားသမားအင်အား လိုအပ်နေတာဖြစ်ပါတယ်။
ကိုင်ဟာဗက်ဇ်က တံကောက်ကြောဒဏ်ရာရရှိပြီးနောက် ရာသီကုန်အထိ နားရမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ထိုဒဏ်ရာဟာ ဆာကာရဲ့ဒဏ်ရာကဲ့သို့ပင် ခွဲစိတ်ကုသမှုလိုအပ်တာဖြစ်ပါတယ်။ ကလပ်မှ ထုတ်ပြန်ချက်တွင် "ကိုင်ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဒူဘိုင်းတွင် လေ့ကျင့်ခန်းလုပ်နေစဉ် တံကောက်ကြောဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုပါတယ်။ နောက်ပိုင်းတွင် ပြန်လည်သုံးသပ်မှုများနှင့် ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များအရ ထိုဒဏ်ရာဟာ ခွဲစိတ်ကုသမှုလိုအပ်ကြောင်း အတည်ပြုခဲ့ပြီး လာမည့်ရက်များအတွင်း ခွဲစိတ်ကုသမှုပြုလုပ်သွားမှာဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုပြီးနောက် ကိုင်ဟာ သူ့ရဲ့ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်ကို စတင်သွားမည်ဖြစ်ပြီး လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်မယ့်အချိန်အထိ ကြာမြင့်နိုင်ပါတယ်။ ကလပ်တစ်ခုလုံးက ကိုင်အား ကြံ့ခိုင်မှုပြည့်ဝလာစေဖို့ ကူညီသွားမှာဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။
ဂါဘရီရယ် မာတင်နယ်လီကလည်း အနည်းဆုံး လကုန်အထိ ကစားနိုင်သေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် အာတီတာဟာ အီသန် နွမ်နယ်ရီ၊ ထရိုဆက် နှင့် စတာလင် တို့ကိုသာ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဆာကာက သူ့ကစားသမားဘဝတွင် ပထမဆုံးအကြိမ် ကြီးကြီးမားမား ဒဏ်ရာရရှိခဲ့တာပြီး ဒီဇင်ဘာ ၂၁ ရက်က ပဲလေ့စ် နှင့်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်း သူဟာ ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်ကို တဖြည်းဖြည်းမြှင့်တင်လာခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ မကြာသေးမီက မန်စီးတီး အား ၅-၁ ဂိုးဖြင့်အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးနောက် ကစားကွင်းဘေးတွင် ချိုင်းထောက်မပါဘဲ လမ်းလျှောက်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဆာကာက မတ်လအလယ်တွင် ပြန်လည်ကစားနိုင်မယ်လို့ မျှော်လင့်ချက်များ မြင့်တက်လာခဲ့ပြီး သူဟာ ဒူဘိုင်း ရှိ ပူနွေးသောရာသီဥတုလေ့ကျင့်ခန်းစခန်းသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်တွင် ပါဝင်ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကစားသမားကို ခွဲစိတ်ကုသမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်အနာတစ်ခုကို ပြသထားတဲ့ ဓာတ်ပုံများနှင့်အတူ အားကစားခန်းမတွင် လေ့ကျင့်နေသည်ကို တွေ့မြင်ခဲ့ရပါတယ်။ သို့သော်လည်း The Sun ရဲ့ဖော်ပြချက်အရ ဆာကာကို နည်းပြကပြန်လည်ရွေးချယ်ရန် အဆင်သင့်ဖြစ်မီ နောက်ထပ် ၈ ပတ်ကြာ ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ နိုင်ငံတကာအားလပ်ရက်မတိုင်မီ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲ ကစားရန်ရှိနေပြီး စနေနေ့တွင် လက်စတာစီးတီး နှင့် ကင်းပါဝါမှာ ကစားရမှာဖြစ်ပါတယ်။