The network connection is lost.

Banner Image

လီဗာပူးပရိသတ်တွေဆီ စိုးရိမ်ပူစရာသတင်းစကားတစ်ခု ပေးပို့လာတဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်ခင် အသင်းပရိသတ်တွေဆီ သတင်းစကားတစ်ခု ပြောကြားခဲ့ပါတယ်။

အင်္ဂါညပိုင်း၊ ပီအက်စ်ဂျီရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာလာရပြီးနောက် လီဗာပူးအသင်းအတွက် အခုဘောလုံးရာသီ၊ တစ်ခုတည်းသောရည်မှန်းချက်အဖြစ် လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိဖို့သာ ကျန်ရှိပါတော့တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရမှသာ နွေရာသီမှာ ကစားသမားဝယ်ယူဖို့အတွက် အသုံးစရိတ် ပိုမိုရရှိနိုင်ပါလိမ့်မယ်။

လီဗာပူးက ပြီးခဲ့တဲ့နွေရာသီမှာ စံချိန်တင်အသုံးစရိတ် ပေါင် ၄၄၆ ဒဿမ ၅ သန်းအထိ သုံးစွဲခဲ့ပေမဲ့ အဓိကကစားသမားတွေရဲ့ဒဏ်ရာပြဿနာတွေနဲ့ ပရိသတ်တွေဝေဖန်နေကြတဲ့ အန်းစလော့ရဲ့နည်းစနစ်ပိုင်းအမှားအယွင်းတွေကြောင့် ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။

အသင်းကို အကြီးစားပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အတွက် ဒါဝင်နူးနက်စ်၊ လူးဝစ်ဒီယက်ဇ်၊ ကွန်ဆာ၊ ကလယ်ဟာ၊ ဘန်ဒုတ်နဲ့ တိုင်လာမော်တွန်တို့ကို ရောင်းချခဲ့ရပြီး ရရှိလာတဲ့ငွေကြေးတွေနဲ့ ဖရင်ပေါင်၊ အီကီတီကီ၊ အီဆက်ခ်နဲ့ ဖလော်ရီယန်ဝစ်ဇ်တို့ကို ပြန်လည်၀ယ်ယူအားဖြည့်ခဲ့ပါတယ်။

အခုပီအက်စ်ဂျီနဲ့ပွဲစဉ်အပြီးမှာတော့ အန်းစလော့က နောက်ရာသီအတွက် အသင်းကို ပြန်လည်တည်ဆောက်ဖို့ဆိုရင် အရင်အတိုင်းပဲ "ရောင်းပြီးမှဝယ်" ဆိုတဲ့ အပြောင်းအရွှေ့မူဝါဒကို ဆက်လက်လုပ်ဆောင်ရမယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

"ဒါကတော့ လာမယ့်သီတင်းပတ်တွေမှာ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားရမယ့် အရာပါပဲ။ ကောင်းတဲ့အချက်ကတော့ အီဆက်ခ် ပြန်ကစားနိုင်ပြီဖြစ်သလို မိနစ်အနည်းငယ်လောက်လည်း ပါဝင်ကစားနိုင်ခဲ့ပါတယ်"

"အသင်းက အကူးအပြောင်းကာလ ရောက်နေပြီလို့ လူအများက ပြောနေကြပါတယ်။ တကယ်တော့ အသင်းက အရည်အချင်းရှိတဲ့ ကစားသမားသစ်ငါးဦးလောက် ဝယ်ယူဖို့အတွက် ကစားသမားဟောင်း ၈ ဦးမှ ၁၀ ဦးလောက်အထိ ရောင်းချပြီး ငွေရှာခဲ့ရပါတယ်"

"ကျွန်တော်တို့မှာ ရောင်းပြီးမှဝယ်ရမယ့် အခြေအနေရှိပါတယ်။ တချို့ကစားသမားတွေကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရပါဦးမယ်။ ဒါက နွေရာသီမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပေမဲ့ ဒီမူဝါဒက အလုပ်ဖြစ်တယ်ဆိုတာကို အသင်းက ပြသနိုင်ခဲ့ပြီးသားပါ"

"ကျွန်တော် အကြိမ်ကြိမ်ပြောဖူးသလိုပဲ၊ အသင်းရဲ့အနာဂတ်က အလွန်ကောင်းမွန်ပါတယ်။ အထူးသဖြင့် ဒီနွေရာသီမှာ ကစားသမားကောင်းတချို့ ထွက်ခွာသွားပြီးနောက်ပိုင်း သူတို့နေရာမှာ ကစားသမားသစ်တွေ ပြန်ပြီးအစားထိုးနိုင်ခဲ့မယ်ဆိုရင်ပေါ့" လို့ ၎င်းက ဆိုပါတယ်။

အသင်းမှာ ဆက်ရှိဖို့ မရေမရာဖြစ်နေသူတွေအနက် ဗဟိုခံစစ်မှူးကိုနာတေးလည်း ပါဝင်ပြီး မိုဟာမက်ဆာလက်နဲ့ ရောဘတ်ဆန်တို့ကတော့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမယ်လို့ အတည်ပြုထားပါတယ်။။

သေချာတာတစ်ခုကတော့ အသင်းကို ပိုကောင်းလာအောင်နဲ့ ဆုဖလားတွေအတွက် ပြန်လည်ယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်ချိန်မှာ အသင်းကစားသမားတချို့ ထွက်ခွာသွားရဖို့ရှိသလို နောက်ရာသီမှာ လီဗာပူးအသင်းရဲ့ပုံစံ အများကြီး ပြောင်းလဲသွားနိုင်တာပဲ ဖြစ်ပါတယ်။