လက်စတာကစားသမားအယ်လ်ခါနူးစ်ကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ စတုဂတ်အတည်ပြု
စတုဂတ်အားကစားဒါရိုက်တာဝိုဂီမုသ်က လက်စတာစီးတီးအသင်းမှ အငှားဖြင့်လာရောက်ကစားနေတဲ့ အယ်လ်ခါနူးစ်ကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီ၊ လက်စတာမှ စတုဂတ်ဆီ အငှားဖြင့်လာရောက်ပူးပေါင်းခဲ့တဲ့ အယ်လ်ခါနူးစ်က အခုအချိန်မှာတော့ ဘွန်ဒက်စ်လီဂါကလပ်အသင်းရဲ့ အမြဲတမ်းအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဒီအငှားစာချုပ်မှာ အခြေအနေအချို့ပြည့်စုံတာနဲ့ အပြီးသတ်ဝယ်ယူရမယ့် (obligation to buy) အချက် ပါဝင်နေပြီး အသက် ၂၁ နှစ်အရွယ်ကစားသမားက သတ်မှတ်ထားတဲ့ ပွဲအရေအတွက်အထိ ပါဝင်ကစားပေးခဲ့ပြီးနောက်မှာ အခုလို အပြီးသတ်ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။
"သတ်မှတ်ထားတဲ့ အခြေအနေအားလုံး ပြည့်စုံသွားပါပြီ။ အယ်လ်ခါနူးစ်ကို စတုဂတ်အသင်းအတွက် အပြီးသတ်ခေါ်ယူနိုင်ခဲ့လို့ ကျွန်တော်တို့ အလွန်ပဲ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်" လို့ စတုဂတ်အားကစားဒါရိုက်တာဖေဘီယမ် ဝိုဂီမုသ်က Sport Bild နဲ့ အင်တာဗျူးမှာ အတည်ပြုပြောကြားခဲ့ပါတယ်။
စတုဂတ်အသင်းက အယ်လ်ခါနူးစ်အတွက် အစောပိုင်းပေးချေထားတဲ့ ငှားရမ်းခအပြင် အခုအချိန်မှာ ယူရို ၁၅ သန်း ထပ်မံပေးချေရဖို့ရှိနေလို့ စုစုပေါင်းပြောင်းရွှေ့ကြေးမှာ ယူရို သန်း ၂၀ နီးပါး ရှိသွားပါလိမ့်မယ်။
အယ်လ်ခါနူးစ်ကိုယ်တိုင်လည်း စတုဂတ်နဲ့ ၂၀၃၀ ပြည့်နှစ်၊ နွေရာသီအထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။