The network connection is lost.

Banner Image

မန်စီးတီးပြိုလဲမှုကို ဥပမာပြုရင်း လီဗာပူးရဲ့လိဂ်ချန်ပီယံအခွင့်အလမ်းကို ပယ်ချသွားတဲ့ အန်းစလော့

ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေမှုဆိုတာ သတိမပြုမိခင်အချိန်မှာပဲ အလျှင်အမြန်ပြိုလဲကျတက်ခြင်းနဲ့ပတ်သက်လို့ မန်စီးတီးအသင်းကို ဥပမာပြုကာ အန်းစလော့က လီဗာပူးကစားသမားတွေဆီ သတိပေးပြောဆိုခဲ့ပါတယ်။

ကြိုးကြာနီတွေက Boxing Day ပွဲစဉ်အဖြစ် လက်စတာကို နောက်မှလိုက်ကစားကာ ဂတ်ပို၊ ကာတစ်ဂျုံးစ်၊ မိုဆာလက်တို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် အန်းစလော့ရဲ့အသင်းက အစောပိုင်းမှာ ဖူလ်ဟမ်ကို အရေးနိမ့်ခဲ့တဲ့ အနီးဆုံးပြိုင်ဘက်ချဲလ်ဆီးကို ခုနစ်မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်သွားခဲ့ပါတယ်။

ဒါပေမယ့် အန်းစလော့ကတော့ အမှတ်ပေးဇယားဦးဆောင်သူအဖြစ်မှ အဆင့်-၇ နေရာဆီ အလျှင်အမြန်ကျဆင်းသွားတဲ့ မန်စီးတီးဟာ လက်ရှိအခြေအနေအတွက် သိသာလွန်းတဲ့ သတိပေးမှုတစ်ခုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ 

သူက “ကာလတာရှည် ဒီလိုပွဲစဉ်မျိုးတွေ ကစားရဦးမယ်ဆိုရင် အမှတ်ပေးဇယားကို ကြည့်လို့မရသေးပါဘူး။ အဆုံးသတ်ချိန်မတိုင်ခင်အထိ ပွဲ ၂၀ လောက်ကစားရဦးမယ်ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ ရာသီအဖွင့် တစ်လလောက်က မန်စီးတီးရဲ့နောက်မှာ ကျွန်တော်တို့ တစ်မှတ်ပြတ်ကျန်နေခဲ့ပါတယ်။ အခု ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကြည့်လိုက်ကြပါဦး။ ဒါမျိုးတွေက ဘယ်အသင်းမှာမဆို ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ အောင်ပွဲခံဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်။ ကျွန်တော်တို့တွေ အခုလိုပွဲစဉ်တွေအားလုံးကို ကြုံတွေ့ခဲ့ပြီးပါပြီ။ လွယ်ကူတဲ့နိုင်ပွဲတွေဆိုတာ အများကြီး မရှိပါဘူး။

ဒီအချက်က ကိုယ့်ရဲ့ကစားသမားတွေအားလုံး ပါဝင်ကစားပေးနိုင်မယ်ဆိုရင်တောင် အနိုင်ရရှိဖို့ ဘယ်လောက်အထိခက်ခဲသလဲဆိုတာ ပြောပြပေးနေပါတယ်။ ကျွန်တော်တို့တွေ တစ်ပွဲချင်းစီပဲ အာရုံစိုက်သွားရပါမယ်”လို့ ပြောပါတယ်။