The network connection is lost.

Banner Image

လီဗာပူးအသင်းမှာ အချိတ်အဆက်မိနေပြီး ရှေ့ဆက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုလိုက်တဲ့ ကာတစ်ဂျုံးစ်

အခုဘောလုံးရာသီရဲ့ဒုတိယရာသီဝက်ကာလမှာ ရလဒ်ကောင်းတွေဆက်တိုက်ဖန်တီးနိုင်ဖို့အတွက် လီဗာပူးအသင်း အရှိန်အဟုန်ကောင်းကောင်းဖြင့် ရှေ့ဆက်နိုင်မယ်လို့ ကာတစ်ဂျုံးစ်က ယုံကြည်နေပါတယ်။

ယမန်နေ့(စနေနေ့)ညပိုင်း၊ အန်ဖီးလ်ကွင်းမှာ ဘရိုက်တန်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း ကာတစ်ဂျုံးစ်ရဲ့အဖွင့်ဂိုးသွင်းယူမှုနဲ့အတူ လီဗာပူးက ၃-၀ ဂိုးဖြင့်အနိုင်ရရှိကာ အက်ဖ်အေဖလားပဉ္စမအဆင့်ကို တက်လှမ်းသွားပါတယ်။

ဒီပွဲမှာ ဆိုဘိုဆလိုင်းနဲ့ မိုဆာလက်(ပင်နယ်တီ)တို့ကလည်း ဂိုးတွေထပ်မံသွင်းယူခဲ့ကြပြီး လီဗာပူးအတွက် နိုင်ပွဲဆက်စေဖို့နဲ့ Clean Sheet မှတ်တမ်းထိန်းသိမ်းထားနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။

ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် ကာတစ်ဂျုံးစ်က ရှေ့လာမယ့်ပွဲစဉ်တွေအတွက် သူ့ရဲ့ အကောင်းမြင်မှုတွေကို အခုလို ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့အသင်း ကာလတစ်ခုကြာ အချိတ်အဆက်မိမိပြန်ကစားလာနိုင်ပြီလို့ ထင်ပါတယ်။ ဒီရာသီမှာ မျှော်လင့်ထားသလောက် မကောင်းမွန်ခဲ့တာတော့ အမှန်ပါပဲ” လို့ သူက ဆိုပါတယ်။

“ဒါပေမဲ့ ကျွန်တော် အမြဲပြောသလိုပဲ၊ ဒါက ဘောလုံးလောကရဲ့သဘာဝပါပဲ။ ပွဲတိုင်းကို ကွင်းထဲဝင်ပြီး နိုင်မယ်လို့ပဲ အမြဲမမျှော်လင့်နိုင်ပါဘူး။ အသင်းတိုင်းက တိုးတက်လာကြပါတယ်။"

“ကျွန်တော်တို့လည်း တိုးတက်လာပါပြီ။ အသင်းဆီ ကစားသမားသစ်တွေရောက်လာသလို ထွက်သွားတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ အားလုံးအသားကျဖို့အတွက် အချိန်တစ်ခုယူခဲ့ရပေမဲ့ အခုတော့ အသင်းက တစ်သွေးတည်းတစ်သားတည်း ဖြစ်နေပါပြီ။ အရေးကြီးဆုံးကတော့ ကွင်းပြင်ပမှာလည်း ကျွန်တော်တို့အကြား ကောင်းမွန်တဲ့သံယောဇဉ်ရှိနေခြင်း ဖြစ်ပါတယ်”လို့ ကာတစ်ဂျုံးစ်က ဆက်လက်ပြောကြားပါတယ်။