ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ နောက်ကျချေပဂိုးပေးရမှုအပေါ် မအံ့သြမိတော့ဘူးလို့ ဆိုလိုက်တဲ့ အန်းစလော့
ဟာရီဆင်ရိဒ်ရဲ့နောက်ဆုံးမိနစ်အံ့ဖွယ်သွင်းဂိုးကြောင့် ဖူလ်ဟမ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်အပြီး လီဗာပူးနည်းပြအန်းစလော့က နောက်ကျဂိုးတွေနဲ့အတူ သူ့အသင်း အမှတ်လျော့ကျနေမှုအပေါ် အံ့အာသင့်နေခြင်း မရှိတော့ပါဘူး။
အခုပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်နာကျင်အချိန်ပို ၉၄ မိနစ်မှာ ဂတ်ပိုရဲ့သွင်းဂိုးနဲ့အတူ ပြိုင်ဘက်ကို လီဗာပူးတို့ ဦးဆောင်ထားနိုင်ခဲ့လို့ အဝေးကွင်းအဖိုးတန်နိုင်ပွဲ ရရှိမယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ဒတ်ချ်တိုက်စစ်မှူး အရန်ခုံထိုင်လိုက်ချိန်မှာပဲ ဟာရီဆင်ရိဒ်က အံ့မခန်းကန်ချက်ဖြင့် ချေပဂိုးသွင်းယူခဲ့လို့ သရေရလဒ်သာ ထွက်ပေါ်လာခဲ့ပါတယ်။
အန်းစလော့က ပုံမှန်အခြေအနေတွေမှာ နောက်ကျဦးဆောင်ဂိုးရရှိခဲ့တဲ့ လီဗာပူးတို့ ပွဲကို အကောင်းဆုံးအဆုံးသတ်နိုင်ရေး ပရိသတ်အများစု မျှော်လင့်ကြလိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အောက်တိုဘာလအတွင်း ခရစ္စတယ်ပဲလေ့စ်၊ ချဲလ်ဆီးတို့ကို နောက်ကျပေးဂိုးတွေနဲ့အတူ လိဂ်နှစ်ပွဲဆက်ရှုံးနိမ့်မှုအပါအဝင် ပြီးခဲ့တဲ့လ၊ လိဒ်နဲ့ပွဲစဉ်မှာ ပြိုင်ဘက်ရဲ့နာကျင်အချိန်ပိုချေပဂိုးနဲ့အတူ အမှတ်ပြည့်မရရှိမှုတို့ကြောင့် သူ့အတွက် အံ့အားသင့်စရာမရှိတော့ပါဘူးလို့ အန်းစလော့က ပြောပါတယ်။
အန်းစလော့က “ လီဗာပူးပရိသတ်မဟုတ်သလို လီဗာပူးရဲ့ပွဲစဉ်တိုင်းကို မကြည့်ရှုဖူးဘူးဆိုရင် ဂတ်ပိုရဲ့သွင်းဂိုးနဲ့အတူ အနိုင်ရရှိတော့မယ်လို့ တွေးကောင်းတွေးနိုင်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ဘဲ ကျွန်တော်က ဒီအတွေ့အကြုံကို လပေါင်းများစွာ ကြုံတွေ့ခဲ့ပြီးပါပြီ။ ပြိုင်ဘက်အသင်းရရှိသွားတဲ့ ပထမဆုံးအခွင့်အရေး၊ ပထမပိုင်းပွဲချိန်အတွင်း သူတို့တွေရရှိခဲ့တဲ့ တစ်ခုတည်းသောအခွင့်အရေးမှတဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ဒါကလည်း ကျွန်တော်တို့နဲ့အတူ ပုံမှန်မြင်တွေ့နေကျအရာတစ်ခု ဖြစ်ပါတယ်။ နောက်ထပ်များများမြင်တွေ့ရမယ့် ဒုတိယအရာတစ်ခုကတော့ နာကျင်အချိန်ပိုမှာ မမျှော်လင့်ထားဘဲ ပြိုင်ဘက်အသင်းဂိုးသွင်းယူတဲ့ကိစ္စ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
နွေရာသီကာလအတွင်း ကစားသမားသစ်များစွာကို ငွေကြေးအလုံးအရင်းဖြင့် ခေါ်ယူထားမှုအပေါ် ထောက်ခံသူနည်းပါးနိုင်ပေမယ့် အသင်းရဲ့တိုက်စစ်ပိုင်းအင်အားနည်းပါးနေချိန်မျိုးမှာတောင် မျှော်လင့်ထားသလို အခွင့်အရေးတွေဖန်တီးသွားချင်တယ်လို့ ဒတ်ချ်လူမျိုးနည်းပြက ရှင်းပြပါတယ်။
အန်းစလော့က “ ကျွန်တော်ကိုယ်တိုင်လည်း အခွင့်အရေးတွေ ပိုမိုဖန်တီးနေတာမျိုးကို သဘောကျပါတယ်။ ဒါပေမဲ့ အဝေးကွင်းပွဲစဉ်တစ်ခုမှာ ဖူလ်ဟမ်ရဲ့ ၅-၄-၁ ကစားဟန်နဲ့ရင်ဆိုင်ရချိန် တိုက်စစ်မှူးတစ်ဦးတည်းကို ဦးတည်ပြီး ကွင်းလယ်ကစားသမားအများအပြားနဲ့ယှဉ်ပြိုင်ကစားရမယ်ဆိုရင် မျှော်လင့်ထားသလို အခွင့်အရေးတွေ ဆက်တိုက်ဖန်တီးနိုင်မလားဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မသိတော့ပါဘူး။
ဒါပေမဲ့ ခြုံပြီးပြောရရင်တော့ ပွဲစဉ်ကိုအနိုင်ရရှိဖို့အတွက် လုံလောက်တဲ့အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ပြိုင်ဘက်အတွက် အပိုင်အခွင့်အရေးတွေကန့်သတ်ခြင်းဖြင့် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ ဆိုပါတယ်။