နှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ တုံ့ပြန်မှုတစ်ခု ပြသနိုင်ရမယ်လို့ ပြောဆိုလိုက်တဲ့ အီရာအိုလာ
အန်ဒိုနီအီရာအိုလာက ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် တနင်္ဂနွေနေ့ပွဲစဉ်မတိုင်ခင် သူ့ရဲ့ကစားသမားတွေကို စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို ၀-၁ ဂိုးဖြင့် ပွတ်ကာသီကာ ရှုံးနိမ့်ပြီးနောက် လီဗာပူးက ကြားရက်၊ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဖီနာဘာချီကို ၃-၂ ဂိုးဖြင့် ထပ်မံအရေးနိမ့်ခဲ့ပါတယ်။
ပြိုင်ပွဲစုံသုံးပွဲဆက်ရှုံးနိမ့်မှုနဲ့အတူ လာမယ့်နိုင်ငံတကာသီတင်းပတ်ဆီ ဦးတည်သွားနိုင်တဲ့ အန္တရာယ်ရှိနေလို့ အသင်းရဲ့စိတ်ဓါတ်ပိုင်း မြင့်မားနေစေရေးအတွက် တနင်္ဂနွေနေ့ပွဲစဉ်မှာ အနိုင်သုံးမှတ်အပြည့်ရယူနိုင်ဖို့ အီရာအိုလာအတွက် မဖြစ်မနေ လိုအပ်နေပါတယ်။
ဒါပေမဲ့လည်း ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှာ လီဗာပူးက ခရစ္စတယ်ပဲလေ့စ်ကို သုံးကြိမ်သာ အနိုင်ရရှိထားပြီး နိုင်ပွဲလမ်းကြောင်းဆီ ပြန်လည်ရောက်ရှိဖို့ ကြိုးစားရာမှာ ခက်ခဲနိုင်တယ်လို့ အီရာအိုလာက ဝန်ခံခဲ့ပါတယ်။
အီရာအိုလာက "အထူးသဖြင့် လီဗာပူးလို ကလပ်အသင်းမျိုးမှာ ဒါက စိန်ခေါ်မှုတစ်ခုလို့ ထင်ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်၊ ဒီလိုသတင်းစာရှင်းလင်းပွဲမှာပဲ ကျွန်တော်တို့ နိုင်ပွဲဆက်နေခဲ့ကြပြီး အရာအားလုံး ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေခဲ့သလို ပိုပြီးတော့လည်း စိတ်ခံစားချက် ကောင်းနေခဲ့ပါတယ်"
"အခုတော့ နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးလို့ အရာအားလုံး ပြောင်းလဲသွားပါပြီ။ ဒါကို ပြောင်းလဲပစ်ဖို့ လိုအပ်သလို ကျွန်တော်တို့လို ကလပ်အသင်းမျိုးမှာလည်း ဒီအတိုင်းပဲ ဖြစ်ရပါမယ်။ အခုတော့ နှစ်ပွဲဆက်ရှုံးနိမ့်ထားလို့ ကျွန်တော်တို့ ပြန်လည်တုံ့ပြန်ပြသသွားရပါတော့မယ်"
"ခရစ္စတယ်ပဲလေ့စ်ရဲ့ကွင်းမှာ နိုင်ပွဲရဖို့ လိုအပ်နေပြီး အတိတ်မှာလည်း အလားတူ အခြေအနေမျိုးတွေကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ဖူးတယ်လို့ ထင်ပါတယ်။ နိုင်ငံတကာသီတင်းပတ်မတိုင်ခင် ဘုန်းမောက်နဲ့ပွဲ၊ ဘရန့်ဖို့ဒ်နဲ့ပွဲတွေကိုတောင် ကျွန်တော် မှတ်မိနေပါသေးတယ်။ ဒါကြောင့် အဲဒီကို သွားပြီး ကျွန်တော်တို့ လုပ်ရမယ့်အလုပ်ကို လုပ်ကာ ပွဲကို အနိုင်ရအောင် ကစားရပါမယ်" လို့ ပြောပါတယ်။
"အခုအချိန်မှာတော့ ဒါက မလွယ်ကူပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံး တုံ့ပြန်ပုံချင်း တူနေကြလို့ပါ။ ပွဲစဉ်တစ်ခုရှုံးနိမ့်ချိန် လူတိုင်း ဒေါသထွက်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အခြေအနေကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်တတ်ဖို့ လိုအပ်သလို ဒီလုပ်ငန်းစဉ်အတွင်းမှာ အတက်အကျတွေ ရှိနေမယ်ဆိုတာကိုလည်း သိထားပါတယ်"
"ဒီလိုအခိုက်အတန့်တွေကို ကျွန်တော်တို့ ကျော်ဖြတ်ရပါမယ်။ ခြေစွမ်းကောင်းတွေ၊ နိုင်ပွဲတွေနဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ချင်ပေမဲ့ ပုံမှန်အားဖြင့်တော့ အမြဲတမ်း အဲဒီလိုမျိုး မဖြစ်နိုင်ပါဘူး" လို့ ဆိုပါတယ်။
မနက်ဖြန်(တနင်္ဂနွေနေ့)၊ တချိန်တည်းမှာကစားမယ့် ချဲလ်ဆီးရဲ့ပွဲစဉ်ရလဒ်အပေါ် မူတည်ပြီး အီရာအိုလာရဲ့အသင်းအတွက် နိုင်ပွဲတစ်ခုက ပရီးမီးယားလိဂ်အမှတ်ပေးဇယားစတုတ္ထနေရာအထိ တက်လှမ်းစေနိုင်ပါလိမ့်မယ်။