လီဗာပူးမှာ အရမ်းအဆင်ပြေနေပါပြီလို့ အရူဂျို ထုတ်ဖော်ပြောကြား
ဘာစီလိုနာမှ လီဗာပူးဆီ အငှားဖြင့် လာရောက်ကစားနေတဲ့ အရူဂျိုက အင်္ဂလန်မြေမှာ အကောင်းဆုံးခြေစွမ်းပြသနေပြီး ဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောကြားလာပါတယ်။
အရူဂျိုက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ နေရာစုံကစားနိုင်စွမ်းနဲ့ ခံစစ်ပိုင်းစိတ်အားထက်သန်မှုတို့ကြောင့် ဗန်ဒိုက်၊ ဂျက်ကွက်နဲ့ ကာကက်ခ်တို့လို ကစားသမားတွေနဲ့အတူ တောင့်တင်းခိုင်မာလှတဲ့ လီဗာပူးခံစစ်တန်းမှာ အလွယ်တကူ အံဝင်ခွင်ကျ ဖြစ်လာခဲ့ပါတယ်။
အခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီ ကိုနာတေး ထွက်ခွာသွားပြီးနောက် ကြိုးကြာနီတွေက ဗဟိုခံစစ်ကွက်လပ်ပိုင်းကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ဖရင်ပေါင်ရဲ့ခြေစွမ်းကျဆင်းမှုနဲ့အတူ ညာနောက်ခံလူနေရာကိုပါ ဝင်ရောက်ကစားပေးနိုင်တဲ့ ခံစစ်မှူးတစ်ဦးကို အစားထိုးခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။
အံ့အားသင့်စရာကောင်းတာကတော့ ဟန်စီဖလစ်လက်အောက်မှာ အရူဂျိုအတွက် နေရာပျောက်ဆုံးခဲ့ပြီး ယမန်နှစ်ဘောလုံးရာသီမှာ လာလီဂါပွဲစဉ် ၁၁ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။
မာဆေးဆိုဒ်ဆီ ပြောင်းရွှေ့လာမှုနဲ့ပတ်သက်လို့ နွေးနွေးထွေးထွေးကြိုဆိုခဲ့တဲ့ ကလပ်အသင်းတစ်ခုမှာ ပရီးမီးယားလိဂ်ရဲ့စိန်ခေါ်မှုကို ရင်ဆိုင်ရင်း သူ့အတွက် မှန်ကန်တဲ့ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ ဥရုဂွေးလက်ရွေးစင်ကစားသမားက ဖွင့်ဟခဲ့ပါတယ်။
AUFTV နဲ့တွေ့ဆုံချိန် အရူဂျိုက "အမှန်အတိုင်းပြောရရင် ကျွန်တော် အရမ်းပျော်ပါတယ်။ အရမ်းလည်း အဆင်ပြေပြီး သက်သောင့်သက်သာ ရှိပါတယ်။ ကျွန်တော် စရောက်ချိန်ကတည်းက အသင်းဖော်တွေကိုယ်တိုင် ကျွန်တော့်ကို အဆင်ပြေသက်သောင့်သက်သာရှိအောင် ကူညီပေးခဲ့ပါတယ်။ အသင်းဖော်တွေ၊ နည်းပြအဖွဲ့နဲ့ ပရိသတ်တွေကြောင့် အစကတည်းက ကျွန်တော့်အတွက် ကိုယ့်အိမ်ကိုယ်ယာလို ခံစားခဲ့ရပါတယ်"
"ဒါ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ကွင်းထဲမှာ စွမ်းဆောင်ရည်ပြသဖို့နဲ့ အစွမ်းကုန်ပေးဆပ်နိုင်ဖို့အတွက် ယုံကြည်မှုတွေ ပေးစွမ်းနိုင်ပါတယ်။ ဒီအခိုက်အတန့်အတွက် ကျွန်တော် အလွန်ပျော်ရွှင်ရပါတယ်။ အတိတ်လိုပဲ ဆက်လက်ကြိုစားသွားဖို့ရှိပြီး ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်"
"ကျွန်တော်က လူတွေကို ပြန်လည်တုံ့ပြန်ဖို့ ဒါမှမဟုတ် တစ်ခုခုသက်သေပြဖို့အတွက် အရာရာတိုင်းကို လုပ်ဆောင်နေတာမျိုး မဟုတ်ပါဘူး။ ကစားသမားတစ်ဦးအဖြစ် ကျွန်တော့်ရဲ့တန်ဖိုးက ဘာလဲ၊ ကျွန်တော့်ဆီမှာ ဘာရှိသလဲဆိုတာနဲ့ ကျွန်တော် ဘာလုပ်နိုင်သလဲဆိုတာကို သိထားပြီး အဲ့ဒီအချက်ကို ကျွန်တော် အပြည့်အ၀ ယုံကြည်ပါတယ်။ ကျွန်တော်က ဘောလုံးကစားရခြင်းကို ရိုးရိုးရှင်းရှင်းပဲ သဘောကျတာပါ။ ကျွန်တော်လိုချင်နေတဲ့ ပုံမှန်ပွဲကစားခွင့်ကို အခုအချိန်မှာ ရရှိထားပြီး အဲ့ဒီလို ပုံမှန်ပွဲကစားခွင့်နဲ့ ယုံကြည်မှုမျိုး ရရှိချိန်မှာ ကစားသမားတစ်ဦးအဖြစ် ကျွန်တော် ဘာတွေစွမ်းဆောင်နိုင်သလဲဆိုတာကို သိထားပါတယ်"
"ဒါကပဲ ကျွန်တော် လုပ်ဆောင်နေတဲ့အရာ ဖြစ်ပါတယ်။ ကျွန်တော် ဘောလုံးကစားရတာကို ပျော်မွေ့နေတယ်။ ကိုယ်အချစ်ဆုံးအရာကို လုပ်ဆောင်နေရပြီး အဲဒီမှတဆင့် ကြိုးစားအားထုတ်မှုရဲ့အသီးအပွင့်ကို မြင်တွေ့နေရပါတယ်။ ကျွန်တော်က အလွန်ကြိုးစားအားထုတ်တတ်သူတစ်ဦးဖြစ်ပြီး ဒီရလဒ်တွေကို လုပ်ဆောင်ချက်တွေမှတဆင့် ဖော်ပြပေးနေပါတယ်" လို့ ပြောပါတယ်။
အာရူဟိုရဲ့အသင်းအပေါ်သက်ရောက်မှုကြောင့် ပရိသတ်တွေလည်း အံ့အားသင့်ကျေနပ်နေကြပြီး တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းမှာ သူ့ကို မြင်တွေ့ရဖို့ မျှော်လင့်နေကြပါလိမ့်မယ်။