ဟားလ်စီးတီးနဲ့ပွဲစဉ်မတိုင်ခင် အာဆင်နယ်ကြယ်ပွင့် ဆာကာနဲ့ ကွန်ဆာတို့ရဲ့ ဒဏ်ရာအခြေအနေကို အာတီတာ ရှင်းပြ
ဟားလ်စီးတီးနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် အာဆင်နယ်ရဲ့ပွဲထွက်လူစာရင်းမှာ ဘယ်သူတွေ ပါဝင်လာမလဲဆိုတာ ပရိသတ်တွေစောင့်ကြည့်နေချိန် အာတီတာက ဒဏ်ရာရကစားသမားတွေရဲ့နောက်ဆုံးအခြေအနေကို ရှင်းပြခဲ့ပါတယ်။
ဂန်းနားတွေက လွန်ခဲ့တဲ့သီတင်းပတ်၊ အန်ဖီးလ်ကွင်းမှာ လီဗာပူးကို အနိုင်ယူခဲ့သလို မန်စီးတီးရဲ့ခြေချော်မှုကြောင့် အမှတ်ပေးဇယားကို သုံးမှတ်ဖြတ်ကာ ဦးဆောင်ထားပါတယ်။
ဒီည၊ အမ်းမရိတ်စ်ကွင်းပွဲစဉ်မတိုင်ခင် ဟားလ်စီးတီးက ပြိုင်ပွဲစုံခုနစ်ပွဲဆက် Clean Sheet ပျောက်ဆုံးပြီး အဝေးကွင်းနောက်ဆုံးလေးပွဲမှာ ခြောက်ဂိုးအထိ ပေးထားရသလို သုံးပွဲရှုံးနိမ့်ထားလို့ အာဆင်နယ်နဲ့ရင်ဆိုင်ရချိန် ရှုံးပွဲထပ်မံကြုံတွေ့ရန် ရေပန်းစားနေပါတယ်။
ဒါကြောင့် တန်းတက်အသင်းကို အနိုင်ယူကာ အမှတ်ပေးဇယားထိပ်မှာ ခြောက်မှတ်ဖြတ်ဦးဆောင်နိုင်မယ့် အခွင့်အရေးရှိနေချိန် အာတီတာက ဒူးဒဏ်ရာပြဿနာကြုံတွေ့နေရတဲ့ ကွန်ဆာရဲ့အခြေအနေကို ရှင်းပြခဲ့ပါတယ်။
အာတီတာက "ဟုတ်ပါတယ်၊ သူ အဆင်ပြေပါတယ်။ ဒီနေ့မှာ သူ အများကြီး ပိုသက်သာလာတယ်လို့ ခံစားနေရပြီး သူကစားထားတဲ့ မိနစ်အရေအတွက်နဲ့ ကြိုတင်ကာကွယ်မှုအတွက် သူ့ကို အနားပေးထားခဲ့ပါတယ်" လို့ ပြောပါတယ်။
အာဆင်နယ်ကို ပရီးမီးယားလိဂ်နောက်ဆုံးသုံးပွဲဆက်ပေးဂိုးမရှိအောင် ကူညီပေးခဲ့ပြီးနောက် ကွန်ဆာက ပွဲထွက်လူစာရင်းမှာ နောက်တစ်ကြိမ်ပါဝင်လာဖို့ အဆင်သင့်ဖြစ်နေပုံရပါတယ်။
အောက်တိုဘာ ၂၁ ရက်၊ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ပေါင်ကြွက်သားဒဏ်ရာ ရရှိကာ သီတင်းပတ်ပေါင်းများစွာ အနားယူနေရတဲ့ ဆာကာနဲ့ပတ်သက်လို့လည်း အာတီတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နည်းပြက "ဆာကာပြန်လာဖို့တော့ သီတင်းပတ်နဲ့ချီပြီး စောင့်ရပါလိမ့်မယ်။ နိုင်ငံတကာသီတင်းပတ်အပြီးအထိ စောင့်ကြည့်ရဖို့ရှိပေမဲ့ အဲ့ဒီအချိန်မှာတော့ ကွင်းထဲမှာ ပိုပြီး လှုပ်ရှားနိုင်လာပါလိမ့်မယ်။ ကံမကောင်းစွာနဲ့ဘဲ သူက အချိန်အတိုင်းအတာတစ်ခုအထိ အနားယူရပါဦးမယ်" လို့ ဆိုပါတယ်။
ဆာကာအပြင် ဖလက်ဝုဒ်တောင်းနဲ့ကာရာဘောင်းဖလားပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရတဲ့ဒေါင်းမန်းလည်း ဟားလ်စီးတီးနဲ့ပွဲစဉ်ကို ဆက်လက်လွဲချော်ပါလိမ့်မယ်။