The network connection is lost.

Banner Image

မိုဆာလက်ထွက်ခွာမှုအတွက် စိတ်မကောင်းဖြစ်နေတဲ့ ကာကက်ဇ်

လီဗာပူးနောက်ခံလူကာကက်ဇ်က အခုလာမယ့်နွေရာသီကာလအတွင်း မိုဆာလက် အသင်းမှထွက်ခွာသွားဖို့ရှိနေလို့ စိတ်မကောင်းဖြစ်ရတယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။

အသက် ၃၃ နှစ်အရွယ်မိုဆာလက်က အန်ဖီးလ်မှာ ကိုးနှစ်ကြာအောင်မြင်စွာဖြတ်သန်းခဲ့ပြီးနောက် အသင်းမှထွက်ခွာသွားတော့မယ်လို့ မတ်လအတွင်း ကြေညာခဲ့ပါတယ်။ သူက လီဗာပူးအတွက် ၄၃၅ ပွဲ ကစားပေးခဲ့ပြီး ၂၅၇ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

အီဂျစ်ဘုရင်ကြီးက အန်ဖီးလ်ကွင်းမှာ ဘရန်ဖို့ဒ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးသွားဖို့ရှိနေပြီး အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂျော်ဒန်ဟန်ဒါဆန်၊ ကလယ်ဟာတို့နဲ့အတူ နှုတ်ဆက်ပွဲမှာ ပါဝင်သွားပါလိမ့်မယ်။

ပြီးခဲ့တဲ့နွေရာသီ၊ အသင်းဆီရောက်ရှိလာခဲ့တဲ့ ကာကက်ဇ်က မိုဆာလက်နဲ့ ခိုင်မာအားကောင်းတဲ့ဆက်ဆံရေးကြောင့် ရာသီကုန်ထွက်ခွာတော့မယ့် လီဗာပူးဂန္တဝင်ကြီးကို အလွန်လွမ်းဆွတ်နေမိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်၊ မိုဆာလက်နဲ့ ဆိုဘိုဆလိုင်းတို့က အရမ်းခင်မင်ကြပါတယ်။ အားလုံးက ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် လက်ခံကြပေမဲ့ ဆာလာကတော့ ကျွန်တော့်ကို သူ့ညီလေးတစ်ယောက်လိုမျိုး အဖက်ဖက်မှ အကူအညီပေးပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ အပြင်တွေ အတူတူသွားကြသလို အလုပ်တွေလည်း အတူတူလုပ်ဖြစ်ခဲ့ကြတာပါ။ အဲဒီအတွက် သူ့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အခုတော့ အတူရှိဖို့ တစ်လပဲ ကျန်တော့တာမို့ သူ့ကို တော်တော်လေး လွမ်းနေမိမယ်ဆိုတာ သေချာပါတယ်" လို့ ကာကက်ဇ်က ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ မိုဆာလက် ဒဏ်ရာရရှိခဲ့ပေမဲ့ ရာသီမကုန်ခင် ပြန်ကစားနိုင်မယ်လို့ အသင်းဘက်မှ အတည်ပြုထားပါတယ်။

အီယန်ရပ်ရှ် (၃၄၆ ဂိုး) နဲ့ ရော်ဂျာဟန့် (၂၈၅ ဂိုး) တို့နှစ်ဦးပဲ လီဗာပူးအသင်းအတွက် မိုဆာလက်ထက် ဂိုးပိုသွင်းယူထားနိုင်ပါတယ်။ ဒါကြောင့်လည်း ရာသီနောက်ဆုံးပွဲစဉ်မှာ အန်ဖီးလ်ကွင်းပရိသတ်တွေဆီမှ ကြီးကျယ်ခမ်းနားတဲ့နှုတ်ဆက်မှုတွေကို မိုဆာလက် ရရှိသွားပါလိမ့်မယ်။