အင်္ဂလန်ဒါဘီကို ဂျိုးဂိုးမက်ဇ်တစ်ဦးတည်းသာ လွဲချော်လိမ့်မယ်လို့ အတည်ပြုခဲ့တဲ့ အန်းစလော့
အန်ဖီးလ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ အင်္ဂလန်ဒါဘီပွဲစဉ်မတိုင်ခင် လီဗာပူးနည်းပြအန်းစလော့က အသင်းရဲ့ကြံ့ခိုင်မှုပိုင်းအခြေအနေနဲ့ပတ်သက်လို့ သတင်းစကားတစ်ခု ပေးပို့ခဲ့ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အန်းစလော့က “ဂျိုးဂိုးမက်ဇ်ရဲ့ဒဏ်ရာက ပုံစံကောင်းမှာ မရှိနေပါဘူး။ သူ သီတင်းပတ်အနည်းငယ်လောက်တော့ အနားယူသွားရပါလိမ့်မယ်။ ဒါတော့ သေချာပါတယ်။ ဘရက်ဒ်လေနဲ့ ကိုနာတေးတို့ကတော့ ဒီနေ့မှာ အသင်းနဲ့အတူ ပထမဆုံးအကြိမ်လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း သူတို့နှစ်ဦးရဲ့အခြေအနေ ဘယ်လိုရှိလာမလဲဆိုတာ အမှန်တကယ် စိတ်ဝင်စားမိပါတယ်။ အသင်းဆီပြန်လာနိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပေမယ့် နောက်တစ်ဆင့်အဖြစ် လေ့ကျင့်ရေးအစီအစဉ်တွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ မေးခွန်းလည်း ရှိနေပါသေးတယ်။ ဒီနေ့တော့ အသင်းနဲ့အတူ သူတို့တွေ လေ့ကျင့်ခန်းဆင်းပါလိမ့်မယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဒတ်ချ်လူမျိုးနည်းပြက ကျန်ကစားသမားတွေလည်း ပုံစံကောင်းရှိနေပုံရတယ်လို့ ပြောခဲ့ပါတယ်။ သူက “မနေ့တုန်းကလည်း ကျွန်တော်တို့တွေ လေ့ကျင့်ခန်းဆင်းခဲ့ပြီး ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝနေတယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် အချို့ကစားသမားတွေလည်း နေမကောင်းဖြစ်နေတဲ့ အခိုက်အတန့်ထဲမှာ ကျန်ရှိနေသေးတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ဘာသတင်းစကားမှတော့ မကြားရသေးပါဘူး။ ဒါကြောင့် လာမယ့်တနင်္ဂနွေနေ့မှာကစားရမယ့်ပွဲစဉ်အတွက် ဂျိုးဂိုးမက်ဇ်မှလွဲပြီး ကျန်တဲ့သူတိုင်း အဆင်သင့်ဖြစ်နေစေဖို့ပဲ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
လီဗာပူးအသင်းက အခုသီတင်းပတ်ကုန်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရင်း အမှတ်ပေးဇယားဦးဆောင်မှုကို အခုထက်ပိုပြီး ပြတ်ပြတ်ပြတ်သားဦးဆောင်နိုင်ဖို့ ကြိုးပမ်းသွားပါလိမ့်မယ်။