The network connection is lost.

Banner Image

ဖာနန်ဒက်စ် အသင်းမှာ ဆက်ရှိနေမယ်လို့ ယူနိုက်တက်ကစားသမားတွေ မျှော်လင့်ထားကြောင်း လမ်မန်းစ် ဝန်ခံ

မန်ချက်စတာယူနိုက်တက် ဂိုးသမား ဆန်းနဲလမ်မန်းစ်က အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်အနေနဲ့ လာမယ့်ရာသီမှာ အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ ကစားသမားတွေက မျှော်လင့်ထားကြကြောင်း ပြောကြားခဲ့ပါတယ်။

မနေ့ညက ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ လမ်မန်းစ်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ရဲ့ အသံကျယ်ကျယ်လောင်လောင်နဲ့ လှုံ့ဆော်တတ်တဲ့ ပုံစံအပေါ် လမ်မန်းစ်က “အမှန်အတိုင်းပြောရရင် ကျွန်တော်ကတော့ အဲဒီပုံစံကို သဘောကျပါတယ်။ သူက အမြဲတမ်းတော့ အော်ဟစ်ညွှန်ကြားနေတတ်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ လိုအပ်တဲ့အချိန်မျိုး၊ အထူးသဖြင့် ပွဲကြီးပွဲကောင်းတွေမတိုင်ခင်မှာဆိုရင်တော့ သူ့ရဲ့တိုက်တွန်းနှိုးဆော်သံတွေကို ကြားရလေ့ရှိပါတယ်” လို့ ဆိုပါတယ်။

“ဒါမှမဟုတ် အသင်းက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မျိုးမှာလည်း သူဟာ မိမိကိုယ်ကိုယ်ရော တခြားသူတွေအပေါ်မှာပါ အရမ်းကို တင်းကျပ်လေ့ရှိတဲ့သူ ဖြစ်ပါတယ်”

“ဒါကြောင့်လည်း တစ်ခါတလေမှာ ပွဲက ကျွန်တော်တို့ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတဲ့အခါမျိုးမှာ သူ စိတ်ပျက်နေတဲ့ပုံစံမျိုး မြင်ရတတ်တာပါ”

“ဒါပေမဲ့ ဒီလိုအဆင့်အတန်းမျိုးမှာတော့ ဒီလိုပဲ ဖြစ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ချန်ပီယံလိဂ်ဖလားနဲ့ ပရီမီယံလိဂ်ဖလားတွေကို ရယူချင်နေတာပါ။ ဒါဟာ သူ အမြဲတမ်းတွေးတောနေတဲ့အရာဖြစ်သလို ကျွန်တော်တို့ကိုလည်း အဲဒီလိုစိတ်ဓာတ်မျိုး ရရှိအောင် တိုက်တွန်းပေးပါတယ်”

“သူက ကျွန်တော်တို့ကိုပါ သူ့ရဲ့အဆင့်အတန်းမျိုး ရောက်လာအောင် ကြိုးစားပေးတာကြောင့် ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ တကယ့်ခေါင်းဆောင်ကောင်း တစ်ယောက်ပါ”

“သူက အစွမ်းကုန်ကြိုးစားဖို့ အရမ်းတိုက်တွန်းတတ်သူဖြစ်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ပရီမီယံလိဂ်ရဲ့ သဘာဝအရ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အခြေအနေတွေမှာ ပွဲတိုင်းက နိုင်တာရှိသလို ရှုံးတာလည်း ရှိနိုင်တယ်ဆိုတာကို သူ နားလည်ထားပါတယ်”

“အရေးကြီးဆုံးအချက်ကတော့ အဲဒီရလဒ်တွေအပေါ်မှာ ကျွန်တော်တို့ ဘယ်လိုမျိုး ပြန်လည်တုံ့ပြန်မလဲဆိုတာပါပဲ” လို့ လမ်မန်းစ်က ပြောကြားသွားခဲ့ပါတယ်။