The network connection is lost.

Banner Image

အလွယ်တကူခွင့်ပြုပေးလိုက်တဲ့ဂိုးတွေနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်လိုက်တဲ့ ရိုဆင်နီယာ

စနေနေ့၊ Hill Dickinson ကွင်းပွဲစဉ်မှာ ဘက်တိုရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ အဲဗာတန်က ချဲလ်ဆီးကို ၃-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ဧည့်သည်အသင်းနည်းပြရိုဆင်နီယာကတော့ လတ်တလောပွဲစဉ်တွေအတွင်း အလွယ်တကူဂိုးပေးနေရမှုကို စိတ်ပျက်လက်ပျက်ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးက ပရီးမီးယားလိဂ် ၃၁ ပွဲကစားပြီးချိန် ရမှတ် ၄၈ မှတ်နဲ့ အမှတ်ပေးဇယားဆဋ္ဌမနေရာမှာ ဆက်ရှိနေပေမဲ့ အဲဗာတန်ကတော့ ၃၁ ပွဲကစား၊ ၄၆ မှတ်နဲ့ အဆင့် ၇ နေရာဆီတက်လှမ်းလာခဲ့လို့ လာမယ့်ရာသီ၊ ဥရောပဝင်ခွင့်အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းလာပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းက ၁၉၈၇ ခုနှစ်နောက်ပိုင်း ချဲလ်ဆီးအပေါ် အဲဗာတန်ရဲ့ပြတ်သားမှုအရှိဆုံးအနိုင်ရလဒ်ဖြစ်သလို မာဆေးဆိုဒ်ကလပ်အသင်းရဲ့ကွင်းသစ်မှာ ပထမဆုံးအကြိမ်နှစ်ပွဲဆက်အနိုင်ရရှိမှုလည်း ဖြစ်ပါတယ်။

တဖက်မှာလည်း ချဲလ်ဆီးက ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက် ရှုံးနိမ့်ထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပီအက်စ်ဂျီကိုအရေးနိမ့်ကာ ထွက်ခွာလာရပါတယ်။

"ဒီရလဒ်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုက ကျွန်တော့်အပေါ်မှာပဲ ရှိပါတယ်" လို့ ရိုဆင်နီယာက Sky Sports ကို ပြောပါတယ်။ "ဒီနေ့မှာတော့ ကျွန်တော်တို့ ၄-၄-၂ ပုံစံကို အဓိကထားပြီး ကစားကွက် အနည်းငယ်ပြောင်းလဲခဲ့ပါတယ်။ အဲဗာတန်အဖွင့်ဂိုးမသွင်းခင်အထိတော့ ကျွန်တော်တို့ အခြေအနေကောင်းခဲ့ပါတယ်" လို့ ဆိုပါတယ်။ "ဒီပွဲရဲ့ကွာဟချက်က ဂိုးဧရိယာအတွင်း အဆုံးသတ်မှုအပိုင်း ဖြစ်ပါတယ်။ အဲဗာတန်က အခွင့်အရေးကို အသုံးချနိုင်ခဲ့ပြီး အန်ဒီယာရီရဲ့အဆုံးသတ်ကန်ချက်လည်း တကယ်ကို ကောင်းမွန်ခဲ့ပါတယ်" လို့လည်း ပြောကြားခဲ့ပါတယ်။

ပထမနှစ်ဂိုးပေးလိုက်ရတဲ့ပုံစံကိုတော့ ရိုဆင်နီယာက မကျေမနပ်ဖြစ်နေပြီး နောက်ပိုင်းပွဲစဉ်တွေမှာ ဒါက စိုးရိမ်စရာပုံစံမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။ "ဂိုးတွေဆိုတာ အားအင်တွေ ပေးစွမ်းနိုင်ပါတယ်။ အခုလတ်တလောမှာတော့ ကျွန်တော်တို့က ပြိုင်ဘက်ဆီ ဂိုးတွေ လက်ဆောင်ပေးသလို ဖြစ်နေပါတယ်။ ပွဲစစချင်းမှာ ကျွန်တော်တို့ အနည်းငယ်တုံ့ဆိုင်းနေခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပုံမှန်အတိုင်း ပြန်ကစားနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။

"ဒါပေမဲ့ အလွယ်တကူဂိုးပေးလိုက်ရတာတွေ ခဏခဏဖြစ်နေသလိုပါပဲ။ ဒါက ပြိုင်ဘက်အသင်းနဲ့ ပရိသတ်တွေကို အားတက်စေပြီး သူတို့ရဲ့ယုံကြည်မှုကို မြှင့်တင်ပေးလိုက်သလို ဖြစ်နေပါတယ်။ အဲဗာတန်ကတော့ ဒီနိုင်ပွဲနဲ့အပြည့်အဝထိုက်တန်ပြီး ကျွန်တော်တို့ဘက်က ဒါကို အမြန်ဆုံးပြောင်းလဲဖို့ လိုပါတယ်" လို့ ဆိုပါတယ်။