လီဗာပူးကိုအနိုင်ရရှိမှုအတွက် အဓိကသော့ချက်ကို ထုတ်ဖော်ပြောပြလိုက်တဲ့ ဟာဇလာ
ဘရိုက်တန်နည်းပြဟာဇလာက ဖယ်လ်မာကွင်းမှာ လီဗာပူးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း သူတို့အသင်းရဲ့ ပြင်းထန်တဲ့ ကစားအား (Intensity) ကို ကြိုးကြာနီတို့ ယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့ဘူးလို့ ယူဆနေပါတယ်။
စနေနေ့အစောဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝဲလ်ဘတ်ရဲ့ဦးဆောင်ဂိုးကို ကာကက်ဇ်က ချေပပြီးနောက် ဒန်နီဝဲလ်ဘက်ခ်ကပဲ နောက်ထပ်တစ်ဂိုးသွင်းယူသွားလို့ ဘရိုက်တန်တို့ ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ပွဲစဉ်အပြီး ဟာဇလာက "ဒီနေ့ပွဲစဉ်အတွက် ကွင်းတွင်းမှာ ကျွန်တော်တို့ ပြသနိုင်ခဲ့တဲ့ ကစားအားက နိုင်ပွဲရရှိဖို့အတွက် အဓိကသော့ချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဖိအားပေးကစားခဲ့သလို၊ ကစားအား အပြည့်နဲ့လည်း ကစားခဲ့ပါတယ်။ ကွင်းတွင်းမှာ စွမ်းအင်တွေ အပြည့်အဝထည့်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ကစားသမားတိုင်းရဲ့ကစားပုံအပြင် ပြိုင်ဘက်ထက် ပိုပြေးနိုင်၊ ပိုအားထုတ်နိုင်အောင် ကြိုးစားခဲ့ကြတယ်ဆိုတာကို ကျွန်တော် တကယ်သဘောကျမိပါတယ်" လို့ ပြောပါတယ်။
"အဓိကကျတဲ့အချက်တွေကို ကျွန်တော်တို့ ပိုပြီး ကောင်းကောင်းကိုင်တွယ်နိုင်လာပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့တစ်ခုတည်းသောတိုးတက်မှုလို့လည်း ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အမြဲတမ်း ဘောလုံးကိုကောင်းကောင်းကစားပေမဲ့ ရလဒ်ကောင်းတွေ အမြဲတမ်းမရရှိခဲ့ပါဘူး။ ကျွန်တော်တို့က တည်တည်ငြိမ်ငြိမ်နေဖို့၊ ကိုယ့်ရဲ့မူဝါဒအတိုင်း ကစားဖို့နဲ့ အခြေအနေတချို့မှာ စိတ်လှုပ်ရှားပြီး တုံ့ပြန်မှုမလွန်ကဲဖို့ ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် ဂိုးပေးလိုက်ရတဲ့ ဒီနေ့လို အချိန်မျိုးမှာတောင် ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ အခြေခံကျတဲ့အရာတွေကိုပဲဆုပ်ကိုင်ပြီး ကစားသွားနိုင်ခဲ့ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
"ကွင်းထဲမှာ ကောင်းမွန်တဲ့အသင်းတစ်ခုကို ကျွန်တော် မြင်နေရပါတယ်။ အချင်းချင်းကူညီပြီး စည်းလုံးညီညွတ်စွာလုပ်ဆောင်နေတဲ့ အသင်းတစ်ခုကို မြင်ရတယ်ဆိုတာက ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုအနိုင်ယူဖို့အတွက် တကယ်ကို အရေးကြီးပါတယ်။"
မင်တက်ချ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့လည်း သူက "မင်တက်ချ်က တိုက်စစ်တင်မကဘဲ ခံစစ်ပိုင်းမှာပါ ကြိုးစားအားထုတ်မှုရဲ့ စံပြကစားသမား တစ်ဦး ဖြစ်ပါတယ်။ အသင်းတစ်ခုအဖြစ် အောင်မြင်မှုရပြီး ကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေ ရှိနေရင် တစ်ဦးချင်းအလိုက် ဆုလာဘ်တွေ ရလာလိမ့်မယ်လို့ ကျွန်တော့်အသင်းဆီ အမြဲတမ်း ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အရင်ဆုံးတော့ အသင်းတစ်ခုလုံး စုစည်းမှုရှိရှိ စွမ်းဆောင်နိုင်ဖို့ လိုအပ်ပြီး အခုလက်ရှိမှာ သူတို့တွေ ဒါကို လုပ်ပြနေကြပါတယ်" လို့ ဆိုပါတယ်။
အခုနိုင်ပွဲကြောင့် ဘရိုက်တန်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဥရောပဝင်ခွင့်နဲ့ ပတ်သက်ပြီး ဟာဇလာက "အခုအချိန်မှာ စိတ်ကြီးမဝင်ဖို့၊ လွန်ခဲ့တဲ့ရက်သတ္တပတ်ခုနစ်ပတ်က ဘယ်လိုအခြေအနေမှာ ရှိခဲ့ပြီး အခု ဘယ်ကို ရောက်နေပြီလဲဆိုတာကို နားလည်ထားဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်။ လက်ရှိလုပ်နေတဲ့အရာတွေကိုပဲ ဆက်လုပ်သွားပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။