ရိုဆင်နီယာအပေါ် ချဲလ်ဆီးအသင်းဘုတ်အဖွဲ့ ဆုံးဖြတ်ချက်အသစ်ချမှတ်
ချဲလ်ဆီးအသင်းပိုင်ရှင်တွေဟာ အသင်းမန်နေဂျာ လီယမ်ရိုဆင်နီယာကို အခုရာသီကုန်အထိ ဆက်လက်ယုံကြည်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရင်တောင်မှ လာမယ့်ရာသီသစ်မှာ ရိုဆင်နီယာကို ဆက်လက်ခန့်ထားနိုင်ခြေ ရှိနေပါသေးတယ်။
ဒီအပတ်အစောပိုင်းမှာတော့ အသင်းဘုတ်အဖွဲ့ဟာ ရိုဆင်နီယာအပေါ် ယုံကြည်မှုလျော့နည်းလာပြီး သူဟာ အသင်းကို ရေရှည်ကိုင်တွယ်နိုင်မယ့် အရည်အချင်းမျိုး ရှိ၊ မရှိဆိုတာကိုပါ သံသယဝင် မေးခွန်းထုတ်ခဲ့ကြတာပါ။ ဒါပေမဲ့ အခုအခါမှာတော့ ဘယ်လိုလောလောဆယ်ဆယ် ဆုံးဖြတ်ချက်မျိုးကိုမှ ချမှတ်မှာမဟုတ်ဘဲ ရိုဆင်နီယာကို သူ့ကိုယ်သူ သက်သေပြနိုင်ဖို့ အခွင့်အရေးအပြည့်အဝ ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
အန်ဇိုမာရက်စကာကို ထုတ်ပယ်ပြီး စထရာဘိုးနည်းပြဟောင်းနဲ့ အစားထိုးခဲ့တဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကြောင့် အသင်းပိုင်ရှင်တွေရဲ့ ဂုဏ်သိက္ခာဟာလည်း ရိုဆင်နီယာရဲ့ အောင်မြင်မှုနဲ့ ဆက်စပ်နေတာကြောင့် အခုလို သတိထားနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးအသင်းဟာ ပရီမီယံလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် (၆) နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် ထိပ်ဆုံးလေးသင်းနေရာနဲ့ (၃) မှတ်သာ ကွာဟပါတော့တယ်။