The network connection is lost.

Banner Image

နယူးကာဆယ်နဲ့ပွဲစဉ်မှာ အသာစီးဖြင့်ကစားနိုင်ခဲ့တယ်လို့ ဆိုလိုက်တဲ့ ချဲလ်ဆီးနည်းပြရိုစီနီယာ

နယူးကာဆယ်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့မှုက ထိုးနှက်ချက်ကြီးတစ်ရပ် ဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြရိုစီနီယာက ဝန်ခံပြောကြားခဲ့ပါတယ်။

စနေနေ့ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဂေါ်ဒွန်သွင်းယူခဲ့တဲ့ဂိုးကြောင့် ဧည့်သည်အသင်းအတွက် စတမ်းဖို့ဘရစ်ချ်မှာ အနိုင်ရရှိဖို့ လုံလောက်ခဲ့ပါတယ်။

၎င်းက "ပွဲအစ ၁၅ မိနစ်မှ မိနစ် ၂၀ လောက်အထိ ပွဲကိုကြည့်နေသူတိုင်း ဒီပွဲ ဘယ်လိုဦးတည်နေသလဲဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့သလို အသာစီးရယူကစားနိုင်ခဲ့ပါတယ်။ အခွင့်အရေးကောင်းတွေလည်း အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ဂိုးပေးလိုက်ရတာက နယူးကာဆယ်ကို သူတို့လိုချင်တဲ့ပုံစံအတိုင်း ပွဲကို အဆုံးသတ်နိုင်ဖို့ လိုအပ်တဲ့ ခွန်အားတွေ ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်" လို့ ပြောပါတယ်။

"ကျွန်တော့်အတွက်ကတော့ အချက်နှစ်ချက်ရှိပါတယ်။ ပထမတစ်ခုက တိုက်စစ်ပိုင်းမှာ ကစားကွက်ဖော်ဆောင်မှု၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမှုနဲ့ အဆုံးသတ်ပိုင်းမှာ လိုအပ်တဲ့အရည်အသွေးမျိုးတွေ နည်းနည်းအားနည်းခဲ့တာပါ။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ရင်တောင် တခြားအသင်းကိုလည်း ဂိုးမပေးရအောင် သေချာလုပ်ဖို့ လိုပါတယ်။ ဒီနေ့မှာ စိတ်ပျက်စရာကောင်းတာက နယူးကာဆယ်ဘက်က အခွင့်အရေး အများကြီးမဖန်တီးနိုင်ခဲ့ဘဲ ကျွန်တော်တို့တွေ ပေးဂိုးမရှိအောင် မကစားနိုင်ခဲ့တဲ့အချက် ဖြစ်ပါတယ်။ သူတို့ကို ကျွန်တော်တို့ပဲ ဂိုးလက်ဆောင်ပေးလိုက်သလို ဖြစ်ခဲ့ပြီး ဒါဟာ နောက်ပိုင်းမှာ တိုးတက်လာဖို့အတွက် ကျွန်တော်အသေအချာဖြေရှင်းရမယ့် အချက်ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ဒီရလဒ်ကြောင့် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ပဉ္စမနေရာမှာပဲ ဆက်ရှိနေပါတယ်။

ရိုစီနီယာက "ဒီနေ့ပွဲကတော့ ထိုးနှက်ချက်တစ်ခုပါပဲ၊ ဒါပေမဲ့ နောက်ထပ် အလှည့်အပြောင်းတွေ အများကြီးရှိလာပါဦးမယ်။ ကျွန်တော် ဒီအသင်းနဲ့အတူရှိနေချိန်အတွင်း အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာအထိ ရောက်ခဲ့တယ်ဆိုတာကို ကစားသမားတွေဆီ ပြသခဲ့ပါတယ်။ တစ်ခါတလေမှာ အဲဒီလိုမဟုတ်ဘူးလို့ ထင်ရပေမဲ့ ဒါ တကယ်ဖြစ်ပျက်နေတာပါ" လို့လည်း ပြောပါတယ်။

"ကျွန်တော်တို့ လမ်းကြောင်းပေါ်မှာ ရှိနေဆဲပါ။ ပြီးခဲ့တဲ့ပွဲစဉ်မှာလည်း အက်စတွန်ဗီလာကို ၄-၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဒီနေ့ကတော့ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်မရခဲ့လို့ တကယ်ကို ခက်ခဲပြီး စိတ်ပျက်စရာကောင်းတဲ့နေ့ ဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ခြေစွမ်းကတော့ တည်ငြိမ်မှုရှိနေတုန်းပဲလို့ ထင်ပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။