ချဲလ်ဆီးနည်းပြဘ၀ရဲ့ စိတ်ပျက်စရာအကောင်းဆုံးအခိုက်အတန့်အကြောင်း ဖိအားတွေအောက်ရောက်ရှိနေသူရိုဆင်နီယာ ဖွင့်ဟ
ချဲလ်ဆီးနည်းပြရိုဆင်နီယာက အဲဗာတန်ကို ၃-၀ ဂိုးဖြင့် မရှုမလှရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို အသင်းဆီရောက်ရှိလာပြီးနောက်ပိုင်း အဆိုးရွားဆုံးနဲ့ စိတ်ပျက်စရာအကောင်းဆုံးအခိုက်အတန့် ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ပါတယ်။
ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် ချဲလ်ဆီးက ၁၉၉၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပြိုင်ပွဲစုံလေးပွဲဆက်ရှုံးနိမ့်ခဲ့လို့ ရိုဆင်နီယာကိုယ်တိုင်လည်း ပြင်းထန်တဲ့ဖိအားတွေအောက် ရောက်ရှိသွားပါတယ်။
အဲဗာတန်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးရဲ့ကစားပုံက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ လမ်းပျောက်နေသလို ဖြစ်ခဲ့ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကြိုးစားနေမှုကိုလည်း အကြီးအကျယ်ထိခိုက်သွားစေခဲ့ပါတယ်။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာတော့ ရိုဆင်နီယာက အသင်းရဲ့စွမ်းဆောင်ရည်အပေါ် "စိတ်ပျက်မိတယ်" လို့ ဝန်ခံခဲ့ပေမဲ့ သူ့အသင်းအတွက် ဂိုးသွင်းခွင့်တွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
"ဒါဟာ အခုထက်ထိတော့ စိတ်ပျက်စရာအကောင်းဆုံးပါပဲ။ ကျွန်တော်တို့ ကြိုတင်ဆွေးနွေးမှာကြားထားတဲ့အချက်တွေဖြစ်တဲ့ ပြိုင်ဘက်ကို ဂိုးတွေ အလွယ်တကူလက်ဆောင်မပေးဖို့နဲ့ ပွဲကိုထိန်းချုပ်ကစားဖို့ ဆိုတာတွေ တစ်ခုမှ ဖြစ်မလာခဲ့ပါဘူး" လို့ ၎င်းက ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း "ကျွန်တော့်အမြင်အရတော့ ကျွန်တော်တို့ပြိုင်ဘက်ရဲ့ဂိုးဧရိယာနားအထိ အကြိမ်ကြိမ်ရောက်ရှိနိုင်ခဲ့ပါတယ်။ ပွဲစစချင်းမှာတော့ နည်းနည်းတုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပွဲကို ပြန်ပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်ပိုင်းမှာတော့ မထိရောက်ခဲ့ပါဘူး။ ဘယ်လိုမှ မထင်မှတ်ထားတဲ့အနေအထားမှတဆင့် သူတို့ ဂိုးရသွားပါတယ်။ ဒါမျိုးဖြစ်နေတယ်ဆိုတာလည်း ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပွဲကို ပြန်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ အမှားတစ်ခု လုပ်မိရာကနေ နှစ်ဂိုးပြတ်သွားခဲ့ပါတယ်" လို့ ရိုဆင်နီယာက ရှင်းပြခဲ့ပါတယ်။