The network connection is lost.

Banner Image

အာဆင်နယ်ကစားသမားတွေရဲ့ အစွမ်းကုန်အားထုတ်မှုကို အဲဗာတန်နည်းပြ မိုယက်စ် ချီးကျူး

မနေ့ကပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမဲ့ အာဆင်နယ်ကစားသမားတွေရဲ့ အနိုင်မခံအရှုံးမပေးဘဲ အစွမ်းကုန်ကြိုးစားအားထုတ်ပုံကို သဘောကျမိတယ်လို့ အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်က ဝန်ခံပြောကြားလိုက်ပါတယ်။

အဲဗာတန်အသင်းဟာ အာဆင်နယ်ကို ၂ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပွဲအတွင်း အဲဗာတန်ကစားသမား ဒွိုက်မက်နေးလ်ရဲ့ ကန်ချက်တစ်ကြိမ် ဂိုးတိုင်ထိခဲ့ပါတယ်။

ပွဲအပြီးမှာ မိုယက်စ်က “ဒွိုက်မက်နေးလ်ရဲ့ ကန်ချက်ကို ကာလာဖီယိုရီ ပိတ်ဆို့ကာကွယ်သွားပုံက တကယ်ကို မယုံနိုင်စရာပါပဲ။ ဒါဟာ အာဆင်နယ်အသင်းရဲ့ လက်ရှိစိတ်ဓာတ်ကို ပြသနေတာပါ။ သူတို့တွေဟာ အနိုင်ရဖို့အတွက် တိုက်ပွဲဝင်နေကြပြီး ဂိုးမဝင်အောင် အသက်နဲ့လဲပြီး ကာကွယ်နေကြတာပါ” လို့ ပြောပါတယ်။

“တကယ်တော့ ဒီပွဲမှာ ကျွန်တော်တို့ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ထက် အာဆင်နယ်ဂိုးသမား ရာယာက ပိုပြီး ကာကွယ်ခဲ့ရတာပါ။ ဒါပေမဲ့ ကာလာဖီယိုရီရဲ့ ပိတ်ဆို့ပုံကတော့ တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ နောက်ပြီး ဂိုးတိုင်ထိသွားတဲ့ အလုံးဆိုရင်လည်း ‘ဂိုးဝင်ပြီ’ လို့ ထင်လိုက်ရတဲ့အချိန်မှာမှ ဂိုးတိုင်အတွင်းဘက်ကို ထိပြီး အပြင်ပြန်ထွက်လာခဲ့တာပါ။ အဲဒီလို အခိုက်အတန့်မျိုးတွေမှာ ကျွန်တော်တို့ဘက်က ကံမလိုက်ခဲ့ပါဘူး။ ကျွန်တော်တို့ လာရောက်ယှဉ်ပြိုင်ပြီး အစွမ်းကုန် ကြိုးစားခဲ့ကြပေမဲ့ အနိုင်ရဖို့အတွက်တော့ မလုံလောက်ခဲ့ပါဘူး” လို့ ဆိုပါတယ်။

မိုယက်စ်က ဆက်လက်ပြီး “အသင်းကစားသမားတွေ ပွဲကြီးပွဲကောင်းတွေမှာ ခြေစွမ်းပြလာတာကို မြင်နေရပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ဂိုးသွင်းခွင့်တွေကို အဆုံးသတ်သေချာဖို့ ဒါမှမဟုတ် ရလဒ်ကို အပြောင်းအလဲဖြစ်စေမယ့် အချက်လေးတွေကို ဂရုစိုက်ဖို့ လိုနေပါသေးတယ်။ ကျွန်တော်တို့ အဝေးကွင်းပွဲစဉ် တော်တော်များများမှာ နိုင်ပွဲရခဲ့ဖူးပါတယ်။ ဒီပွဲရဲ့ နောက်ဆုံးမိနစ်တွေမှာလည်း အဲဗာတန်တို့ ထုံးစံအတိုင်း တစ်ခုခု ထူးခြားလာတော့မယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ဆန့်ကျင်ဘက် ရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။