လီဗာပူးနဲ့ပွဲစဉ်မှာ ဘရိုက်တန်အတွက် အနိုင်ရလဒ်နဲ့ထိုက်တန်တယ်လို့ ဂရင်းနဲ့ ဂျရတ်တို့ ဝန်ခံ
ဘောလုံးဝေဖန်သူတွေဖြစ်တဲ့ စတီဗင်ဂျရတ်နဲ့ ရောဘတ်ဂရင်းတို့က လီဗာပူးကို အံ့အားသင့်ဖွယ်အနိုင်ယူခဲ့တဲ့ ဘရိုက်တန်ရဲ့နိုင်ပွဲကို ရရှိသင့်ရရှိထိုက်တဲ့ အဖိုးတန်အောင်ပွဲဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
ဖယ်လ်မာကွင်းစောစောစီးစီးပွဲစဉ်မှာ ဝဲလ်ဘတ်ရဲ့ဦးဆောင်ဂိုးကို ကာကက်ဇ်က ချေပပြီးနောက် ဒန်နီဝဲလ်ဘက်ခ်ကပဲ နောက်ထပ်တစ်ဂိုးသွင်းယူသွားလို့ ဘရိုက်တန်တို့ ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အင်္ဂလန်ဂိုးသမားဟောင်း ရောဘတ်ဂရင်းက "လီဗာပူးဆီမှ ပြန်လည်တုံ့ပြန်ချင်တဲ့စိတ်မျိုး ဘာမှမတွေ့ရသလို၊ အသင်းရဲ့ကျောရိုးကိုလည်း ပြန်ရှာမတွေ့ခဲ့ပါဘူး။
ကျွန်တော်တို့ အရင်ကတည်းက ဂျိမ်းစ်မီလ်နာနဲ့ ဒန်နီဝဲလ်ဘတ်တို့လို ကစားသမားတွေ ဦးဆောင်နေတဲ့ ဒီဘရိုက်တန်အသင်းအကြောင်း ပြောခဲ့ဖူးပါတယ်။
လီဗာပူးအတွက်တော့ နောက်ပြန်ဆုတ်သွားတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ အသင်းရဲ့ကျောရိုးလုံးဝမရှိတော့သလိုဖြစ်နေပြီး သူတို့ ဘာတွေဖြစ်နေလဲဆိုတာကိုပဲ ဟိုကြည့်ဒီကြည့်နဲ့ တွေဝေနေကြပါတယ်" လို့ ဝေဖန်ခဲ့ပါတယ်။
လီဗာပူးဂန္ထဝင် ဂျရတ်ကလည်း "ဘရိုက်တန်က တကယ်ကို ထူးထူးခြားခြား ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့က အားအင်အပြည့်၊ ပြင်းပြတဲ့ စိတ်ဓာတ်တွေနဲ့ ကစားသွားခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်အနိုင်သုံးမှတ်က သူတို့နဲ့ လုံးဝထိုက်တန်ပါတယ်။
ပွဲမစခင်မှာတင် မိုဆာလက်ကို ဆုံးရှုံးလိုက်ရတဲ့အချက်က အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်ပါတယ်။ အဲဒီနောက် ပွဲအစမှာတင် အီကီတီကီ ဒဏ်ရာရသွားတဲ့အချက်ကလည်း နောက်ထပ် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်သွားခဲ့ပါတယ်။ လီဗာပူးရဲ့တိုက်စစ်အရှိန်အဟုန်တွေ အများကြီးလျော့ကျသွားခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။