The network connection is lost.

Banner Image

ကာရစ်တစ်ယောက် အောင်မြင်တဲ့နည်းပြဖြစ်လာမယ်လို့ ဟောကိန်းထုတ်ခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့အတိုင်း မိုက်ကယ် ကာရစ်တစ်ယောက် အောင်မြင်တဲ့ နည်းပြတစ်ဦး ဖြစ်လာတဲ့အပေါ် ဝမ်းမြောက်မိကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

မနေ့က ကစားခဲ့တဲ့ တော့တင်ဟမ် စပါးအသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက်က ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဖာနန်ဒက်စ်က အသင်းအတွက် ဂိုးသွင်းယူပေးခဲ့တာပါ။ ဒီနိုင်ပွဲဟာ ကာရစ် နည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း ၄ ပွဲကစား၊ ၄ ပွဲလုံး အနိုင်ရရှိထားတဲ့ မှတ်တမ်းကောင်းလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဖာနန်ဒက်စ်က တီအန်တီ စပေါ့တ်နဲ့ အင်တာဗျူးမှာ "မိုက်ကယ်ဟာ ဒီကလပ်မှာ အရာအားလုံးကို ဆွတ်ခူးခဲ့ဖူးသူပါ။ အသင်းနဲ့ ပရိသတ်တွေအတွက် အောင်နိုင်မှုက ဘယ်လောက်အဓိပ္ပာယ်ရှိသလဲ၊ ဒီကလပ်မှာ အောင်မြင်ဖို့ ဘယ်လောက်အထိ ကြိုးစားအားထုတ်ရမလဲဆိုတာကို သူ ကောင်းကောင်းသိရှိပါတယ်" လို့ ချီးကျူးခဲ့ပါတယ်။

ဒါ့အပြင် ကားရစ်ဟာ ကစားသမားတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝပေးနိုင်တဲ့ မှန်ကန်တဲ့ အတွေးအခေါ်တွေနဲ့ ရောက်ရှိလာတာဖြစ်သလို ပြောဆိုဆက်ဆံရေးပိုင်းမှာလည်း အလွန်ထူးချွန်သူဖြစ်တာကြောင့် အသင်းအတွက် ထူးခြားတဲ့ အားတစ်ခု ဖြစ်စေတယ်လို့ သူက ဆိုပါတယ်။

"၂၀၂၁ ခုနှစ်က မိုက်ကယ် ကျွန်တော်တို့ရဲ့ ယာယီနည်းပြအဖြစ် နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်တုန်းက သူ့ကို ကျွန်တော် ပြောခဲ့တဲ့စကားကို သူ မှတ်မိဦးမယ်လို့ ထင်ပါတယ်။ မိုက်ကယ်ဟာ အံ့အားသင့်စရာကောင်းတဲ့ နည်းပြတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ခဲ့တာပါ" လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

အခုအချိန်မှာတော့ မိုက်ကယ် ကားရစ်ဟာ သူပြောခဲ့တဲ့အတိုင်း တကယ့်ကို ထူးချွန်တဲ့ နည်းပြတစ်ဦးဖြစ်ကြောင်း လက်တွေ့သက်သေပြနေပြီဖြစ်တယ်လို့ ယူနိုက်တက်အသင်းခေါင်းဆောင်က အားရကျေနပ်စွာနဲ့ ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။