တော့တင်ဟမ်နဲ့ပွဲမှာ အမ်ဘွေမို ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း အသိပေးလာတဲ့ ယူနိုက်တက်
မိုက်ကယ် ကာရစ်ရဲ့ လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခြေစွမ်းပြနေပြီး စနေနေ့က အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ တော့တင်ဟမ်အသင်းနဲ့ ပွဲစဉ်မှာလည်း အနိုင်ယူကာ ၄ ပွဲဆက်တိုက် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။
ပွဲစဉ်အတွင်း တော့တင်ဟမ်အသင်းက တစ်ယောက်အထုတ်ခံလိုက်ရချိန်မှာ ယူနိုက်တက်ပရိသတ်တွေအနေနဲ့ အရင်က အဲဗာတန်နဲ့ ပွဲစဉ်တုန်းကလို လူသာပေမဲ့ ရှုံးနိမ့်ခဲ့တဲ့ အဖြစ်အပျက်မျိုး ပြန်ဖြစ်လာမှာကို စိုးရိမ်ခဲ့ကြတာပါ။
ဒါပေမဲ့ ယာယီနည်းပြ ကာရစ်ရဲ့ လက်အောက်မှာတော့ အသင်းဟာ အဲဒီလို အမှားမျိုး မကျူးလွန်တော့ဘဲ ဘရိုင်ယန် အမ်ဘွေမိုရဲ့ လေ့ကျင့်ရေးကွင်းက အစီအစဉ်အတိုင်း လှပတဲ့ ပြစ်ဒဏ်ဘော ဖန်တီးမှုကတစ်ဆင့် ဧည့်သည်အသင်းရဲ့ ခံစစ်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဘရူနို ဖာနန်ဒက်စ်က အသင်းအတွက် ဒုတိယအဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ရမှတ် ၃ မှတ်လုံးကို အိမ်ကွင်းမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပွဲအပြီး ကွင်းထဲက ထွက်ခွာချိန်မှာတော့ ဘရန့်ဖို့ဒ် တိုက်စစ်မှူးဟောင်း အမ်ဘွေမို တစ်ယောက် ခြေထောက်မမှန်ဘဲ ထော့နဲ့ထော့နဲ့ ဖြစ်နေတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့တာကြောင့် ပရိသတ်တွေကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ရပါတယ်။
အသက် ၂၆ နှစ်အရွယ် ကင်မရွန်းတိုက်စစ်မှူး အမ်ဘွေမိုဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ၁၀ ဂိုးအထိ သွင်းယူပေးထားတဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တာကြောင့် ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မတိုင်ခင် သူဒဏ်ရာရသွားမှာကို ပရိသတ်တွေက အလွန်စိုးရိမ်နေကြတာပါ။
ကံကောင်းထောက်မစွာပဲ အသင်းရဲ့အတွင်းသတင်းတွေကို တိတိကျကျ ဖော်ပြလေ့ရှိတဲ့ ဆူလီရဲ့ အဆိုအရ အမ်ဘွေမိုဟာ တနင်္ဂနွေနေ့ လေ့ကျင့်ရေးအစီအစဉ်မှာ ပုံမှန်အတိုင်း ရှိနေခဲ့တယ်လို့ သိရပါတယ်။
ကစားသမားအားလုံးဟာ ဒဏ်ရာပြန်လည်ကုစားရေး အစီအစဉ်တွေအတွက် လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ကြပြီး အသင်းသားတွေရဲ့ စိတ်ဓာတ်ဟာလည်း အလွန်တက်ကြွနေတာကြောင့် အင်္ဂါနေ့မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲစဉ်ကို အမ်ဘွေမို လွဲချော်ဖို့ အခွင့်အလမ်း နည်းပါးနေပါတယ်။
နည်းပြ ကာရစ်နဲ့ နည်းပြအဖွဲ့ဝင်တွေဟာလည်း ကာရင်တန် လေ့ကျင့်ရေးကွင်းကို စောစောစီးစီး ရောက်ရှိနေကြပြီး စပါးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဗီဒီယိုတွေကို ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
"စိုးရိမ်မှုတွေ ရှိနေပေမဲ့ ဘရိုင်ယန် အမ်ဘွေမိုရဲ့ အခြေအနေက ကောင်းမွန်နေပါတယ်။ အခုတော့ ဝက်စ်ဟမ်းနဲ့ ပွဲအတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်" လို့ ဆူလီက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ မာသိုက်စ် ဒီလစ်၊ မေဆင် မောင့်နဲ့ ရှေး လေစီ တို့လို အဓိက ကစားသမားတချို့ ဒဏ်ရာကြောင့် လွဲချော်နေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းနေချိန်မှာ နောက်ထပ် ကစားသမား ထပ်မံဒဏ်ရာရမှာကို အလိုမရှိတာ ဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ လန်ဒန်စတေဒီယံမှာ ဝက်စ်ဟမ်းကို အနိုင်ယူပြီး ၅ ပွဲဆက်တိုက် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်နေပြီး အမ်ဘွေမို တစ်ယောက် ပွဲထွက်ကစားသမားစာရင်းမှာ ဆက်လက်ပါဝင်လာမလားဆိုတာကို ပရိသတ်တွေက စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။