ယူနိုက်တက် ယူ-၁၆ အသင်းအတွက် စူပါဟက်ထရစ်သွင်းပြီး ခြေစွမ်းပြခဲ့တဲ့ ကိုင်ရွန်းနီ
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်းနီရဲ့ သားဖြစ်သူ ကိုင်ရွန်းနီဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ယူ-၁၆ အသင်းပွဲစဉ်မှာ တစ်ပွဲတည်း ၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ထပ်မံသက်သေပြလိုက်ပါတယ်။
အဆိုပါပွဲစဉ်မှာ ယူနိုက်တက်လူငယ်အသင်းဟာ နောဝစ်ချ်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ကိုင်ရွန်းနီရဲ့ သွင်းဂိုးတွေနဲ့အတူ ၆ ဂိုး ၄ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်ကစားသမားလေး ကိုင်ရွန်းနီဟာ ပြီးခဲ့တဲ့လက ဒါဘီကောင်တီအသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေလူငယ်ဖလား ပွဲစဉ်မှာလည်း ယူ-၁၈ အသင်းအတွက် စတင်ပွဲထွက်ခွင့် ရရှိထားသူလည်း ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ကိုင်ရွန်းနီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် "ပရီးမီးယားလိဂ်ဖလား ဆီမီးဖိုင်နယ်မှာ နောဝစ်ချ်ကို ၆ ဂိုး ၄ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ကျွန်တော် ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ဝတ်လဲခန်းအတွင်း ကြမ်းပြင်ပေါ်မှာ ချထားတဲ့ သူ့ရဲ့ ကျောနံပါတ် ၇ ဂျာစီပုံရိပ်ကိုလည်း ပရိသတ်တွေအတွက် မျှဝေခဲ့တာကို တွေ့ရပါတယ်။
လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၁၆ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ကိုင်ရွန်းနီကို ပညာသင်ဆုပုံစံ စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပြီးဖြစ်ရာ မကြာခင်မှာပဲ သူဟာ စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးတော့မယ်လို့ သိရပါတယ်။