The network connection is lost.

Banner Image

မာလာစီယာကို ဆက်လက်အသုံးပြုသွားမယ်လို့ပြောကြားလာတဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ မိုက်ကယ်ကာရစ်ကတော့ အခုလက်ရှိရာသီမှာ နောက်ခံလူ တိုင်ရဲလ်မာလာစီယာကို ဆက်လက်အားထားအသုံးပြုသွားဖို့ စိတ်အားထက်သန်နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ ယူနိုက်တက်ကနေ ထွက်ခွာခွင့်ပိတ်ပင်ခံခဲ့ရတာကြောင့် မာလာစီယာအနေနဲ့ စိတ်ပျက်မကျေမနပ် ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ နည်းပြဖြစ်သူကတော့ ဒါကို အလေးမထားဘဲ သူ့အပေါ် ယုံကြည်မှုရှိနေတာပါ။

နယ်သာလန်နောက်ခံလူဟာ မိုက်ကယ်ကာရစ် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်သုံးပွဲလုံးမှာ လူစာရင်းထဲ ထည့်သွင်းရွေးချယ်ခံခဲ့ရတာဖြစ်ပြီး နည်းပြဖြစ်သူကလည်း အသင်းရဲ့ ရုပ်သံလိုင်းဖြစ်တဲ့ အမ်ယူတီဗွီနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့ပါတယ်။

"အမှန်အတိုင်းပြောရရင် အသင်းက ကစားသမားအားလုံးဟာ တကယ့်ကို ထူးချွန်ကြပါတယ်။ သူတို့အားလုံးဟာ ကွင်းထဲဆင်းပြီး ကစားခွင့်ရဖို့အတွက်လည်း အလွန်ပဲ စိတ်အားထက်သန်နေကြတာပါ" လို့ ကာရစ်က ဆိုပါတယ်။

မာလာစီယာရဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း "တိုင်ရဲလ် ပြန်လာနိုင်တာက အသင်းအတွက် အားဆေးပါပဲ။ သူဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒဏ်ရာတွေကြောင့် ပွဲစဉ်အများအပြားကို လွဲချော်ခဲ့ရသူပါ။ အခုလို အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်တဲ့အခါ သူဟာ ကစားဖို့အတွက် တကယ့်ကို ဆာလောင်နေတာ တွေ့ရပါတယ်" လို့ ၎င်းက ဖွင့်ဟခဲ့ပါတယ်။

ရာသီကုန်အထိ ခရီးဆက်နိုင်ဖို့အတွက် အသင်းသားအားလုံး အင်အားတောင့်တောင့်တင်းတင်း ရှိနေဖို့က အရေးကြီးကြောင်းနဲ့ ကစားသမားတိုင်းဟာ ကွဲပြားတဲ့ နည်းလမ်းတွေနဲ့ အသင်းအတွက် အရေးပါလာလိမ့်မယ်လို့လည်း ကာရစ်က မှတ်ချက်ပေးခဲ့ပါတယ်။

"လက်ရှိမှာ အသင်းရဲ့ လူစစ်ကြောင်းဟာ တည်ငြိမ်မှုရှိနေပြီဖြစ်သလို ကျွန်တော်တို့မှာ ဘယ်လိုအရည်အချင်းရှိတဲ့သူတွေ ရှိနေလဲဆိုတာကိုလည်း သိပါတယ်။ အသင်းအတွက် တည်ငြိမ်မှုရှိဖို့က အလွန်အရေးကြီးပြီး အနာဂတ်အတွက် ဆက်လက်ချီတက်သွားမှာပါ" လို့ မန်ယူနည်းပြက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။