The network connection is lost.

Banner Image

ဆိုဘိုဆလိုင်း အနီကတ်ပြခံခဲ့ရလို့ စိတ်မကောင်းဖြစ်မိကြောင်းဖွင့်ဟလာတဲ့ ဟာလန်း

မန်ချက်စတာစီးတီးအသင်းဟာ အန်ဖီးလ်ကွင်းမှ နှစ်ပေါင်း ၂၄ ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လီဗာပူးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ သူငယ်ချင်းဖြစ်သူ ဒိုမနစ်ဆိုဘိုဆလိုင်းအတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။

ဟန်ဂေရီကွင်းလယ်လူ ဆိုဘိုဆလိုင်းဟာ ပွဲကစားချိန် မိနစ် ၁၀၀ မှာ ဂိုးသမား အယ်လစ်ဆန် မရှိတော့တဲ့ ဂိုးပေါက်အတွင်းကို ဟာလန်း ဘောလုံးကန်သွင်းမှာကို တားဆီးဖို့ နောက်ကနေ ဆွဲခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရတာပါ။ အဆိုပါဖြစ်ရပ်ကြောင့် ရရှိလာတဲ့ ဂိုးကိုလည်း VAR နဲ့ စစ်ဆေးပြီးနောက် ဖရီးကစ်အဖြစ်သာ သတ်မှတ်ခဲ့ပါတယ်။

ပွဲမပြီးခင် ၉ မိနစ်အလိုမှာ ဘာနာဒိုဆေးလ်ဗားရဲ့ ချေပဂိုးနဲ့ ပွဲပြီးကာနီး ဟာလန်းရဲ့အနိုင်ဂိုးတို့က မန်စီးတီးအသင်းကို (၁၁) ကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆု မျှော်လင့်ချက်ရှင်သန်စေခဲ့ပြီး အာဆင်နယ်နဲ့ အမှတ်ကွာဟချက်ကို ၆ မှတ်အထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဟာလန်းကတော့ ဆိုဘိုဆလိုင်းအနေနဲ့ အနီကတ်အပြခံမယ့်အစား ဂိုးအပေးခံလိုက်တာကို ပိုလိုလားမှာဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ပွဲအပြီး စကိုင်းစပေါ့စ်နဲ့ အင်တာဗျူးမှာ ဟာလန်းက "ကျွန်တော် သူ့အတွက် တကယ်စိတ်မကောင်းဖြစ်မိပါတယ်။ ဒိုင်လူကြီးအနေနဲ့ စည်းမျဉ်းအတိုင်း ဆုံးဖြတ်ရမှာမှန်ပေမယ့် အခုတော့ သူ ၃ ပွဲ ပယ်ခံရတော့မှာပါ။ အနီကတ်ပေးမယ့်အစား ဂိုးကိုပဲ ပေးလိုက်ပါတော့လို့ပဲ ပြောချင်ပါတယ်၊ ဒါပေမယ့်လည်း ဘောလုံးလောကရဲ့ သဘောသဘာဝက ဒီလိုပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

နော်ဝေတိုက်စစ်မှူးကြီးဟာ အလက်ဆစ်မက်အလစ္စတာရဲ့ အဝေးကန်ချက်ကို လက်စွမ်းပြကာကွယ်ခဲ့တဲ့ ဂိုးသမား ဂျန်လူဝီဂျီဒွန်နာရမ်မာကိုလည်း ချီးကျူးခဲ့ပြီး အီတလီဂိုးသမားဟာ "ကမ္ဘာ့အကောင်းဆုံး" ဖြစ်ကြောင်း သက်သေပြခဲ့တယ်လို့ ဆိုပါတယ်။

ဟာလန်းဟာ ဒီပွဲမှာ ပုံမှန်ခြေစွမ်းအောက် အနည်းငယ်ရောက်နေခဲ့ပြီး ပွဲချိန်ပြည့်ကစားခဲ့တဲ့ ကစားသမားတွေထဲမှာ ဘောလုံးထိချက် ၂၂ ကြိမ်နဲ့ အနည်းဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗန်ဒိုက်နဲ့ ကိုနာတေးတို့ရဲ့ ထိန်းချုပ်မှုကြားက ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးကာ အသင်းကို အနိုင်ရအောင် ကူညီနိုင်ခဲ့တာကြောင့် သူ့အတွက်တော့ ကျေနပ်စရာ ရလဒ်ဖြစ်ခဲ့ပါတယ်။

အသင်းဖော် ဘာနာဒိုဆေးလ်ဗားကတော့ အန်ဖီးလ်ကွင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းဖို့ အခက်ခဲဆုံးနေရာဖြစ်ပြီး အခုလို အနိုင်ရခဲ့တာက အသင်းအတွက် အထူးခြားဆုံးအောင်ပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၃၁ နှစ်အရွယ် ကစားသမားက ကိုဗစ်ကာလမဟုတ်ဘဲ ၉ ရာသီအတွင်း ပထမဆုံးအနိုင်ရတာဟာ ဘယ်လောက်ခက်ခဲလဲဆိုတာ ပြသနေတယ်လို့ ပြောပါတယ်။

"ဒီပွဲမှာသာ ရှုံးခဲ့ရင် ချန်ပီယံပြိုင်ပွဲက ပြီးဆုံးသွားပြီလို့ အသင်းသားအားလုံး သိထားကြပါတယ်။ အခုတော့ ကျွန်တော်တို့မှာ မျှော်လင့်ချက်ရှိနေပြီဖြစ်လို့ နောက်ဆုံးအထိ တိုက်ပွဲဝင်သွားမှာပါ။ အာဆင်နယ်နဲ့ ပိုနီးစပ်နိုင်ခဲ့ပေမယ့် အခုရရှိတဲ့ အမှတ်တွေကလည်း တန်ဖိုးရှိပါတယ်" လို့ ဆေးလ်ဗားက ဖွင့်ဟခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဦးဆောင်ဂိုးရရှိထားပြီးမှ အမှတ်တွေပြန်လျော့ခဲ့တဲ့ပွဲ ၁၁ ပွဲအထိ ရှိထားခဲ့တာကြောင့် အခုလို အန်ဖီးလ်မှာ အနိုင်ရခဲ့တာက နည်းပြ ဂွာဒီယိုလာအတွက် စိတ်သက်သာရာရစရာ ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ လာမယ့်စနေနေ့မှာ ဖူဟမ်အသင်းကို အိမ်ကွင်း အီတီဟတ်မှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ အဆင့် ၆ နေရာမှာ ဆက်ရှိနေပြီး အဆင့် ၅ က ချဲလ်ဆီးနဲ့ ၄ မှတ်ကွာဟကာ ဘရန်ဖို့ဒ်အသင်းနဲ့ အမှတ်တူနေပါတယ်။ အခုဆိုရင် အဓိကကွင်းလယ်လူ ဆိုဘိုဆလိုင်း မပါဝင်နိုင်တော့တဲ့အတွက် အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးတဲ့ ဆန်းဒါးလန်းအသင်းနဲ့ပွဲမှာ လီဗာပူးတို့ ရုန်းကန်ရဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။