ဒေါ်ဂူပြန်ကစားနိုင်မယ့်အချိန်ကို အသိပေးလာတဲ့ ကာရစ်
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ မိုက်ကယ်ကားရစ်က ဒဏ်ရာရရှိနေတဲ့ အသင်းရဲ့ နောက်ခံကစားသမား ပတ်ထရစ်ဒေါ်ဂူ အသင်းဆီ ပြန်လည်ပူးပေါင်းနိုင်မယ့် အချိန်ကာလနဲ့ ပတ်သက်ပြီး အခြေအနေတွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒိန်းမတ်လက်ရွေးစင် တောင်ပံနောက်ခံလူ ဒေါ်ဂူဟာ ပြီးခဲ့တဲ့ အပတ်အတွင်းက ပေါင်နောက်ကြော (Hamstring) ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ဂူရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး နည်းပြဖြစ်သူ ကားရစ်က "ကျွန်တော်တို့ ဒါကို သေချာ ကိုင်တွယ်ဖြေရှင်းနေပါတယ်။ သူ ပြန်လာနိုင်ဖို့ အနည်းဆုံး ရက်သတ္တပတ် အတော်ကြာ အချိန်ယူရမှာ ဖြစ်သလို ဒါဟာ တော်တော်လေးကို ကြာမြင့်မယ့် ကာလတစ်ခုလည်း ဖြစ်ပါတယ်။ လာမယ့် နှစ်ပတ် ဒါမှမဟုတ် သုံးပတ်အတွင်း သူ ပြန်ကစားနိုင်မှာ မဟုတ်ပါဘူး။ အခုချိန်မှာ အချိန်အတိအကျ ပြောဖို့တော့ နည်းနည်း ခက်ခဲပါသေးတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒေါ်ဂူကို ပရိသတ်တွေ ပြန်မြင်တွေ့ရဖို့ ၁၀ ပတ်လောက်အထိ ကြာမြင့်နိုင်မလားဆိုတဲ့ မေးခွန်းအပေါ်မှာလည်း ကားရစ်က "ဖြစ်နိုင်ခြေ ရှိပါတယ်။ ကျွန်တော်တို့ ဒါကို ကြိုးစားနေပါတယ်။ သူ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာနိုင်ဖို့နဲ့ ရာသီမကုန်ခင် အချိန်အတော်ကြာ ကွင်းထဲမှာ ပြန်လည်မြင်တွေ့ရဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်" လို့ ဆက်လက် ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးကို အခုလို ဆုံးရှုံးလိုက်ရတာဟာ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ အပတ်တွေအတွင်း ဒေါ်ဂူရဲ့ အစွမ်းပြမှုတွေဟာ အသင်းအပေါ် သက်ရောက်မှု အများကြီး ရှိခဲ့တာကြောင့် အခုလို ရွေးချယ်စရာ စာရင်းထဲက ပယ်ဖျက်လိုက်ရတာဟာ စိတ်မကောင်းစရာ ဖြစ်တယ်လို့ သိရပါတယ်။
"ဘောလုံးလောကမှာ အတက်အကျ ဆိုတာ ရှိစမြဲပါ။ အခုလို ခဏတာ ဒဏ်ရာရသွားတဲ့အပေါ် သူ စိတ်ပျက်နေမှာ ဖြစ်သလို အမြန်ဆုံးလည်း ကြံ့ခိုင်မှု ပြည့်ဝချင်နေမှာပါ။ ဒါပေမဲ့ သူဟာ ရှေ့လျှောက် ၁၀ နှစ်၊ ၁၅ နှစ်လောက်အထိ ကစားသွားရမယ့် သက်တမ်းအရှည်ကြီး ရှိသေးတာကြောင့် ဒါဟာ သူ့အတွက် ခဏတာ အခက်အခဲလေးတစ်ခုပဲ ဖြစ်ပါလိမ့်မယ်" လို့ ကားရစ်က ဖွင့်ဟခဲ့ပါတယ်။
ဒေါ်ဂူအနေနဲ့ လက်ရှိ ရရှိထားတဲ့ အကောင်းမြင်စိတ်ဓာတ်တွေနဲ့အတူ ဒဏ်ရာကနေ ပြန်လာတဲ့အခါ အရင်ကထက် ပိုမို ကြံ့ခိုင်တောင့်တင်းလာလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း နည်းပြဖြစ်သူ ကားရစ်က အားပေးစကား ပြောကြားခဲ့ပါတယ်။